Myanmar Youth Media Club

Song of the Day | The Rasmus - Justify

yatha header

 

မြန်မာ HipHop လောကမှာ လူငယ်တွေအကြိုက် အောင်မြင်ကျော်ကြားနေတဲ့ MHAကိုယ်စားပြု ကိုရသ Singapore ရောက်တုန်း အခိုက်အတန့် လေးမှာ ကျွန်တော်တို့ MYMC က အင်တာဗျူးလေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ အချိန်က Singapore စံတော်ချိန် မနက် ၆ နာရီ… ကိုရသတစ်ယောက် မအိပ်သေးတာနဲ့ ကြုံသွားတော့ အင်တာဗျူးလေး တစ်ခါထဲ ကောက်လုပ် ဖြစ်သွားတာပါ။ ကိုရသရဲ့ အိပ်ချင်မူးတူးအသံနဲ့ အင်တာဗျူးကို အားလုံးခံစားနားဆင် နိုင်အောင်အောက်ဆုံးမှာ တင်ထားပါတယ်။ MYMC က ဆက်လက်ပြီး ဒီလိုအင်တာဗျူးတွေကို ရသလောက် တင်ဆက်ပေးနေမှာပါ။ တက်သစ်စ ဆိုဒ်တစ်ခုအနေနဲ့ MYMC အင်တာဗျူးတွေ ဖတ်ရှုပြီး အာပေးနေတဲ့ MYMC ချစ်သူများ အတွက် MYMC မှာကိုယ်ကြိုးမဖက် ကူညီနေတဲ့ တက်ကြွတဲ့လူငယ်တွေက အမြဲတမ်းကြိုးစားနေမှာပါ။ MYMCကိုအခုလိုအားပေးနေတဲ့အတွက် MYMC တစ်ဖွဲ့လုံး ကိုယ်စား ကျေးဇူးတင်ပါတယ်။ အားလုံးကြိုက်နှစ်သက် လိမ့်မယ်လို့  မျှော်လင့်ပါတယ်။

ကိုရသ...မင်္ဂလာပါ။

မင်္ဂလာပါ။


ညီမက MYMC Radio က Dj-Number1Princess ပါ။ ညီမကို မွန်မွန်လို့ ခေါ်နိုင်ပါတယ်။ ကိုရသရဲ့ သီချင်းတွေကို ညီမအများကြီး နားထောင် ဖူးတယ်။ အဲဒီထဲက အရမ်း hot ဖြစ်သွားတဲ့ သီချင်းကောင်းလေးတွေနဲ့ ပက်သတ်ပြီးကော၊ တစ်ခြားအစ်ကို့ ဆီက သိချင်တာလေးတွေရောကို မေးခွင့်ပြုပါနော်။

ဟုတ်ကဲ့..မေးပါ။


ပထမဆုံးအနေနဲ့     အစ်ကိုရဲ့ hit သီချင်းအများကြီး ထဲက တစ်ပုဒ်ဖြစ်တဲ့ "တစ်ခါတုန်းက" ဆိုတဲ့ သီချင်းက စမေးမယ်နော်။ ဒီသီချင်းမှာ Jenny နဲ့  အစ်ကိုနဲ့  တွဲဖက်ညီညီ သီဆိုခဲ့ ကြတယ်။ စာသားတွေ က ရန်ကုန်က လူငယ်တော်တော် များများရဲ့ ခံစားချက်နဲ့လည်း တူညီသွားတယ်။ အစ်ကို ဒီသီချင်းကို ဘယ်လို ဖန်တီးခဲ့တာလဲ။ အစ်ကိုရဲ့    ခံစားချက် လေးတွေကို ပြောပြ ပေးပါလား။

အင်း...ဒီဟာရဲ့ ဇာတ်လမ်း theme ကတော့ ကျွန်တော် အရင်တုန်းက ဟိုးငယ်ငယ်တုန်းက အကြောင်းလေးတစ်ခု အခြေခံပြီးတော့ ကိုယ့်ဟာကိုယ်...ဒီအရွယ်မှာ ပြန်ပြီး စဉ်းစားပြီး ရေးကြည့်တာပေါ့နော်။ အဲဒါကို အဓိက ကတော့ ကျွန်တော်ထင်တာတော့ အဝေးရောက်မြန်မာတွေနဲ့ နည်းနည်းသက်ဆိုင်တယ်။ ပိုပြီးသက်ဆိုင်မယ် ထင်တယ် သူတို့က။ ပိုပြီးသက်ဆိုင်မယ်ထင်တယ် ဆိုတာ ဥပမာ ကိုယ်က နိုင်ငံခြားကိုရောက်နေလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်တဲ့သူက ကိုယ့်ရဲ့ မွေးရပ်မြေမှာ ကျန်ခဲ့ပြီး ကိုယ်ကအဝေးကို ရောက်နေတယ် ဒါမှမဟုတ် ကိုယ်ချစ်တဲ့ကောင်မလေးက တစ်ခြားတိုင်းပြည်ကို ထွက်သွားတာပဲဖြစ်ဖြစ် အဲလိုနည်းမျိုးစုံနဲ့လည်း ရှိနိုင်တယ်ဆိုတော့လေ။ အဲဒီတော့ လူတိုင်းမှာလည်း အဲဒီအတွေ့ အကြုံက ရှိချင်ရှိကြမှာပဲ။ ဘာလို့လဲဆိုတော့ ခေတ်ကြီးကလည်း တိုးတက်လာပြီဆိုတော့...Globalization ခေတ်ဆိုတော့ ကမ္ဘာသားဝါဒဖြစ်သွားပြီဆိုတော့ တိုင်းပြည်နဲ့လူမျိုးဆိုတဲ့ဟာရဲ့ နေရာမှာကိုက ကမ္ဘာသားဆိုတဲ့ဟာက ၀င်လာပြီလေ။ အဲလို ၀င်လာပြီဆိုတဲ့အတွက် ကျွန်တော်ထင်တာတော့ ဒိုးကြမှာပဲ။ ဟုတ်တယ်မလား။ ခုဘယ်တိုင်းပြည်မှာ ဘာဖြစ်တယ်၊ ညာတိုင်းပြည်မှာ ပညာသင်တယ်ဆိုပြီး ဒိုးမှာ။ အဲဒီတော့ အဲလိုလူမျိုးတွေ များလာလေလေ များလာလေလေ ကျွန်တော့်သီချင်းနဲ့လည်း တိုက်ဆိုင်မှုရှိလာလေလို့တော့ ထင်တာပဲ။ အဲ့အတွက်ကြောင့်လည်း အဲလို နည်းနည်း လူတွေသတိထားမိတယ်လို့တော့ ထင်တာပဲ။


ဟုတ်ကဲ့။ အစ်ကိုက ဆိုကရေးတီးမှာလည်း ဆုတွေရဖူးတယ်လို့ သိရပါတယ်။ ဆိုကရေးတီး ဘယ်နှစ်ကြိမ်မြောက်မှာ ပါဝင်ယှဉ်ပြိုင်ပြီး ဆုတွေကိုရရှိခဲ့တာလဲ။ ဘယ်လို ဆုအမျိုးအစားတွေလဲ မသိဘူးနော်။

အဲ...သူကတော့ ပြောတာပဲ ဘာဆု၊ညာဆု ဆို။ ဒါပေမယ့် အကုန်လုံးက သံပြားတွေချည်းပါပဲ။ ဟဲဟဲ ကျွန်တော် ဒုတိယအကြိမ်ကတည်းက စ၀င်ခဲ့တာပါ။ တကယ်က ပထမအကြိမ်ကနေပြီးတော့ စပြိုင်မလို့။ အဲဒီတုန်းက ကျွန်တော် အဲလို ကတိုက်ကရိုက်နဲ့ သီချင်းတွေလည်း မကျင့်လိုက်ရဘူး။ အဲတာကြောင့်မို့  ဒုတိယအကြိမ်မြောက်မှ စပြိုင်တာပါ။ နောက်အဲလို နှစ်ဆက်တိုက် နှစ်တိုင်း၊ နှစ်တိုင်း၊ နှစ်တိုင်း ကျွန်တော် မြို့နယ်လက်ရွေးစင်၊ ခရိုင်လက်ရွေးစင်၊ ပြည်နယ်လက်ရွေးစင်။ ကျွန်တော် မွန်ပြည်နယ်က ပြိုင်တာပါ။ နောက်ပိုင်း ကျွန်တော် ဒီဗဟိုအဆင့်ထိပါ ဆုတွေအများကြီးရခဲ့ပါတယ်။


ကိုရသရဲ့ သီချင်းတစ်ချို့က ဘ၀ပိုင်း ဘက်ရောက်သွားတာတွေ့ ရပါတယ်။ ဥပမာ သစ်ပင်၊ hand definition စတဲ့ သီချင်းတွေက ဘ၀ပိုင်းကို တော်တော်လေးရောက်ပြီး တစ်ကယ့်လူ့လောကထဲ ထွက်ထိုင်ပြီး ကြည့်နေရသလို ခံစားရစေပါတယ်။ အဲလိုမျိုး သီချင်းပုံစံတွေဖြစ်လာဖို့ idea တွေ ဘယ်လိုရလာလဲ ဆိုတာကိုရော ပြောပြပေးနိုင်မလား။

အဲဒါ အဓိကကတော့ လူ့လောကကထဲ ထွက်ထိုင်ကြည့်သလို ခံစားရအောင် ကိုယ်ကိုယ်တိုင်ကိုက ကိုယ့်သီချင်းပေါ်မှာကိုက သီချင်းရေးတဲ့လူ ကိုယ်တိုင်ကိုက တကယ်လည်း လူ့လောကကို ထွက်ထိုင်ကြည့်ဖို့ လိုပါတယ်။ တစ်ချို့တွေက အရှိတရားကို သိပ်လက်မခံချင်ကြဘူး။ သိတယ်မလား။ မျက်စိပိတ်ထားကြတယ်လေ။ ဘယ်လိုပြောမလဲကွာ။ အဲ...ဟုတ်ရဲ့နဲ့၊ သိရဲ့နဲ့လည်း ဟုတ်ပါတယ်လို့လည်း လက်မခံချင်ဘူး။ သရုပ်မှန်ကို လက်မခံချင်ဘူး။ သရုပ်မှန်ကို လက်မခံပဲနဲ့ ဘယ်လိုသတ်မှတ်လိုက်လဲဆိုတော့ သရုပ်မှန်ကို သရုပ်ပျက်လို့ သတ်မှတ်လိုက်တယ်။ သရုပ်ပျက်လို့ သတ်မှတ်ပြီးတော့ သရုပ်ပျက်ကို သရုပ်မှန်လို့ သတ်မှတ်လိုက်တယ်။ အဲဒါမျိုးကြီးကတော့ ကြည့်ရလည်း ဆိုးပါတယ်။ နားထောင်လို့လည်း ဆိုးပါတယ်။


ဥပမာ သရုပ်ပျက်ကို သရုပ်မှန်လို့ လက်ခံမယ်ဆိုရင် ဥပမာ ဘယ်လိုပြောမလဲ။ အဲ...ဥပမာ...သီချင်းတစ်ပုဒ်ပုဒ်ကိုပဲ ဘာသာပြန်ရေးရင်ပဲဖြစ်ဖြစ်ပေါ့ဗျာ။ အဲဒီသီချင်းကလည်း မြန်မာပြည်မှာ ရှိတဲ့ကိစ္စမဟုတ်တဲ့သီချင်း ဥပမာ ကျွန်တော်ပြောပြမယ်။ အာဖရိကမှာ ရေငတ်တဲ့အကြောင်းပေါ့နော်။ အာဖရိကက လူတစ်ယောက် ရေငတ်တဲ့အကြောင်း။ အဲ...အဲဒီအကြောင်းကို သူက အာဖရိကက လူငယ်တစ်ယောက်ဆိုထားတာကို ကျွန်တော်တို့ မြန်မာလိုဘာသာပြန်ပြီးတော့ နေရာလေးတွေ လွဲပြောပြီးတော့ ကျွန်တော်တို့ သင်္ကန်းကျွန်းမှာ လူတွေရေငတ်တယ်လို့ ပြောရင် အဲဒါကြီးက သရုပ်ပျက်လား။ သရုပ်မှန်လား။ ဟုတ်တယ်မလား။ ဟိုဘက်အနေနဲ့ ကြည့်ရင်တော့ ဟုတ်တယ်။ သူတို့လုပ်တာ သူတို့အတွက် သရုပ်မှန်။ ကျွန်တော်တို့ လုပ်တဲ့အရာကလည်း  ကျွန်တော်တို့ အတွက် သရုပ်မှန်တော့ ဖြစ်ရမှာပဲ။ သရုပ်မှန်မှလည်း Hip Hop လို့  နာမည်တပ်လို့ ရမယ်လို့ထင်တာပဲ။ တစ်ကယ်တော့ realism ပါပဲ။


ကိုရသနဲ့ ကိုရဲလေး အတူဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ two friends story ရဲ့ chorus  က တစ်ခြားသီချင်းတွေနဲ့  မတူဘူး။ နောက်ပြီး verse တွေကလည်း တစ်ခြားဟာတွေနဲ့ ကွဲပြီး ဆွဲဆောင်မှုရှိနေတယ်။ အဲ့သီချင်းကို ကိုရသကိုယ်တိုင်တီးတာလား။ ဒါမှမဟုတ် တစ်ခြား music producer တစ်ယောက်က တီးထားတာလား။ တစ်ဆက်တည်းမှာ FireCracker နဲ့ ပက်သတ်ပြီး သတင်းတစ်ခုကြားထားတယ်။ ကိုရဲလေးက FireCracker မှာ မရှိတော့ဘူးဆိုတဲ့ သတင်းပါ။ ဒီသတင်းကိုရော member တစ်ယောက်အနေနဲ့  ကိုရသ ဘာများပြောချင်လဲမသိဘူး။

အဲသီချင်းက ကျွန်တော် အခုမှသာ ကျွန်တော့်ကို လာပြောလို့သာ ကျွန်တော်အဲသီချင်းကို ပြန်ကြားရတာ။ အမှန် အဲဒီသီချင်းက ကျွန်တော်တောင် မေ့...တော်တော်မေ့နေပြီ။ တော်တော်ကြာပြီဗျ။ ကျွန်တော်ထင်တာ ဟိုဟာ ကျွန်တော်တို့ Adaptor နဲ့ ကျွန်တော်နဲ့ စပြီးတော့ အဲလိုပေါ့နော်။ စတွေ့တဲ့ အချိန်လောက်ကတည်းက လုပ်ခဲ့တဲ့သီချင်းဆိုတော့ တော်တော်ကြီးကို တော်တော်ကြီးကြာပါပြီ။ ကျွန်တော် ထင်တာ၂၀၀၃လောက် ဖြစ်မယ်ထင်တယ်။ အဲဒီသီချင်းကာလက။ ၂၀၀၃ လောက်ကာလမှာ အဲသီချင်းဖြစ်ပြီးတော့ အင်း...နောက်ပြီးတော့ အဲဒီသီချင်းမှာတီးတာတော့ အဲဒီတုန်းက ကျွန်တော် သီချင်းစ မတီးတတ်၊တီးတတ်နဲ့ စတီးတဲ့အချိန်ပေါ့နော်။ အဲတုန်းက ....တို့။ အဲဒီ တစ်ကာလထဲပေါ့။ ...တို့ အဲဒီသီချင်းတို့ အဲဒီတုန်းက ကျွန်တော် စတီးတဲ့ အချိန်က ကျွန်တော် ကိုယ်တိုင်တီးတာပါ။  နောက်ပြီးတော့ ခုနကတုန်းကပြောတဲ့ ဘာမေးလိုက်တာလဲ။ နောက်ဆုံး မေးခွန်းကဘာလဲ။ ဗျောက်အိုးကိစ္စလား။


ဟုတ်ကဲ့။ ဗျောက်အိုးမှာ ကိုရဲလေးက မပါတော့ဘူးဆိုတဲ့ သတင်းပါ။ အဲဒါက...

သြော်...အဲ သူလည်း သူ့ရဲ့လမ်းနဲ့ သူ့ရဲ့ ဟိုဟာနဲ့။ ကျွန်တော်တို့လည်း သူ့ကို စောင့်နေရတာလည်း ကြာပြီ။ သူလည်း ကျွန်တော်တို့ရှိလို့ အနှောင့်အယှက်ဖြစ်မှာလည်း စိုးတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း သူရှိလို့  သူ့ကိုငဲ့ညှာနေရတဲ့ ကိစ္စတွေအများကြီးရှိတယ်။ အဲဒီအတွက် အားလုံးတရားဝင် ဘဘောတူ ဟိုဟာဖြစ်လိုက်တာပါပဲ။ တကယ်တော့ ဘော်ဒါတွေကတော့ လက်ရှိဘော်ဒါပါပဲ။ ဒါပေမယ့် အလုပ်ဆက်တွဲမလုပ်တာပဲ ရှိတာပါပဲ။ ဗျောက်အိုးအနေနဲ့ ဆက်ပြီး လက်တွဲမလုပ်တာပဲ ရှိတာပါပဲ။ သူငယ်ချင်းတွေပါပဲ။


အခု လူငယ်တွေကြားထဲမှာ ကိုရသနဲ့ ကိုကြက်ဖရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ "Lil’ bro" က တော်တော်လေး ရေပန်းစားနေပါတယ်။ နောက် "နွယ်ပင်"ရောပါပဲ။ ဒီသီချင်းတွေရဲ့ ရေသောက်မြစ်တွေကရော....

ရေသောက်မြစ်ကတော့ ရေသောက်မြစ် ပေါ့နော်။ အဲ... ဇစ်မြစ်ပေါ့နော်။ ဇစ်မြစ်ကိုလိုက်ရင် အဲ..ဘယ်လိုပြောမလဲ။ သီချင်းလေး တီးထားတယ်ပေါ့နော်။ ကျွန်တော် ဒီတိုင်းပဲ တီးထားတဲ့သီချင်း ...အဲလိုပဲတီးထားရင်းနဲ့ အဲလိုနဲ့ ကျွန်တော်ရေးဖို့အကြောင်းအရာလေးတစ်ခုကလည်း foundation စဉ်းစားထားတာရှိတယ်။ အဲလိုနဲ့ ကြက်ဖကရောက်လာတာ။ အဲဒါနဲ့ ကြက်ဖက ရောက်လာတော့ သူ့ကို ကျွန်တော် သီချင်းတစ်ပုဒ်ရထားတယ်။ မိုက်တယ်။ သီချင်းလေး ချစ်စရာလေးလို့။ အဲဒါနဲ့ extension မတီးခင်ကထဲက ကျွန်တော် ပေါက်ကရဗျာ။ ဘာမှမဟုတ်ဘူး။ အဲဒီတုန်းက လုပ်စရာကိုင်စရာမရှိတို့အဲဒါ template လုပ်တာ။ Template လုပ်တယ်ဆိုတာ ဟိုဗီဒီယိုကားတွေထဲကဖျက် ဒီဗီဒီယိုကားတွေထဲကဖျက်ပြီးတော့ အဲဒါ ထည့်လိုက်ကြည့်တာပေါ့နော်။ ထည့်ပြီးတော့ နားထောင်ကြည့်တယ်။ ဘာရယ်တော့မဟုတ်ဘူး။


အဲဒါတုန်းက သီချင်းဆိုလို့ ကျွန်တော်ခုနတုန်းက ပြောတဲ့ ညီမပြောတဲ့အကြောင်း အဲဒီ title က "ညီလေး" ဆိုတဲ့ title က အဲဒီအကြောင်းအရာ ကျွန်တော်ရေးဖို့ စဉ်းစားထားတာ တစ်ခုသက်သက်ရှိတယ်။ အဲဒီ idea သက်သက်တစ်ခု ရှိတယ်။ နောက်တော့ ဒီသီချင်းကြီး ယူပြီးတော့ ကျွန်တော်တို့ ပေါက်ကရတွေလျှောက်ပြီးတော့ sample တွေလုပ်၊ template လုပ်ထားတဲ့ဟာ။ အဲဟာကြီးကသက်သက်။ အဲဒီဟိုဟာ အတွေးနှစ်ခုက လုံးဝမချိတ်မိပါဘူး။ မချိတ်မိဘူးဆိုပေမဲ့ အဲဒီ template လုပ်ထားတဲ့ တီးလုံးကြီးကို  ကြက်ဖကိုကျွန်တော် ဒီတိုင်းပဲ ဖွင့်ပြလိုက်တယ်။ ဖွင့်ပြလိုက်တော့...ဟာ...အဲ့သီချင်းမိုက်တယ်။ လုပ်မယ်တဲ့။ အဲဒါနဲ့ စဉ်းစားတာ အကြောင်းအရာတစ်ခု ရတယ်။ ကျွန်တော်က ပြောတယ်။ ဟေ့ကောင်လို့ ဘယ်လိုမျိုးရှိလဲဆိုတော့ အကြောင်းအရာတစ်ခုတော့ရှိတယ်လို့။ ဘာအကြောင်းအရာလဲဆိုတော့ အဲလိုအကြောင်းအရာပေါ့နော်...ဒီလိုမျိုး ကိုယ့်ညီကိုကိုယ်ဆုံးမတဲ့ သဘောနဲ့ အဲလိုပုံစံမျိုး အကြောင်းအရာတစ်ခု ရှိတယ်ပေါ့နော်။


အဲဒါဆိုရင်တော့ မင်းလုပ်လေတဲ့။ အဲဒါနဲ့ ကျွန်တော်တို့ chorus ထိုင်ရေးလိုက်တာ ရေးရင်းရေးရင်းနဲ့ သူနဲ့ကျွန်တော်နဲ့ အဲဒီအချိန်က တစ်ကယ့်ကို  နှစ်ဦးပူးပေါင်းတိုက်စစ်ဆင်လိုက်သလိုမျိုးပဲ။ အကုန်လုံး ကာရံတွေကအစ ကျွန်တော်တို့နှစ်ယောက်လုံး တစ်ခါထဲစဉ်းစား၊ တစ်ခါထဲတိုင်ပင်ပြီး တစ်ခါထဲညှိ၊ ပြီးတော့ပြန်ခွဲထုတ်တယ်။ မင်းဘယ်ဟာတွေ ယူ၊ ငါဘယ်ဟာတွေ ယူ။ အဲလို နှစ်ယောက်လုံး ခွဲထုတ်ပြီးတော့မှ အဲမှာစပြီးတော့ ပူးပေါင်းပြီးလုပ်လိုက်ကြတာပါ။  အဲဒါ တစ်ရက်ပဲကြာပါတယ်။ ကျွန်တော်တို့ မနေ့ညက ဟိုဟာလောက်လုပ်လိုက်တာ ကျွန်တော်ထင်တယ်။ ဆယ်နာရီလောက် စလုပ်လိုက်တာ ဒီနေ့မနက် ငါးနာရီလောက်မှာ ပြီးသွားပါတယ်။

jb

ဟုတ်ကဲ့...ဟို..."နွယ်ပင်"ကရော

နွယ်ပင်သီချင်းကတော့ ကျွန်တော် ကိုကောင်းလတ်နဲ့...ကိုကောင်းလတ်ဆိုတာ အရမ်းကိုချစ်ဖို့လည်း ကောင်းတယ်။ အရမ်းကိုလေးစားဖို့လည်း ကောင်းပါတယ်။ ဘာလို့ချစ်ဖို့ကောင်းလဲ။ ဘာလို့ လေးစားဖို့ကောင်းလဲဆိုတော့ အရမ်းကို ဖော်ဖော်ရွေရွေနဲ့ အရမ်းကို ပွင့်ပွင့်လင်းလင်းနေတတ်တယ်။ အနေအထိုင်လဲ အရမ်းကိုသိပ်သည်းတယ်။ အရမ်းကို...ဘယ်လိုပြောမလဲ။ အနုပညာသမား အရမ်းဆန်တယ်ဗျာ သူ့ကိုကြည့်ရတာ။ နောက်ပြီး သူ့မှာ အဲလိုသူ သီချင်းလုပ်ချင်တာကလွဲလို့ တခြားအရာတွေ ဘာမှ သူ့စိတ်ထဲမှာ အနှောင်အဖွဲ့မရှိသလိုပဲ ခံစားရတယ်။ အရမ်း လွတ်လပ်တယ်။ အဲလို သူ သီချင်းလေးတွေတီးတာတွေဆိုရင် ကျွန်တော်တစ်ခုတော့တွေ့ရတယ်။ အဲ့တစ်ခုက ဘာလဲဆိုတော့ သူ့ရဲ့ ရိုးသားမှုကိုတွေ့ရတယ်။ အဲဒါလေးကို ကျွန်တော် အရမ်းသဘောကျတယ်။ အဲ...နောက်ပြီး သူကလည်း ကျွန်တော်တို့ Ezy က ကျွန်တော်တို့ရဲ့ အစ်ကိုကြီး ကိုကျော်ကျော်လွင်သိန်း။ Ezy ပေါ့နော်။ သူလုပ်ပေးတဲ့ အခွေထုတ်ပေးတဲ့သူ တစ်ယောက်လည်း ဖြစ်တယ်။


နောက်ပြီးတော့ ကျွန်တော်တို့လည်း တစ်ယောက်နဲ့တစ်ယောက်နဲ့ အနုပညာသမားအချင်းချင်း အရမ်းလဲချစ်ကြတယ်။  အဲဒါကို ကျွန်တော် စိတ်မကောင်းဖြစ်တဲ့ ကိစ္စကတော့ တစ်ခုပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူဆုံးသွားတာ ကျွန်တော်မသိလိုက်ဘူး။ သူ ဘယ်အချိန်မှာ ဆုံးလို့ဆုံးသွားမှန်း ကျွန်တော် မသိလိုက်ဘူး။ တော်တော်များများ ဘယ်သူမှလဲ မသိလိုက်ဘူး။ သူ ဘယ်လိုအချိန်မှာ ဘယ်လိုဆုံးသွားမှန်းကိုလည်း ကျွန်တော် မသိလိုက်ဘူး။ အဲဒီအချိန်မှာ နောက်ပိုင်းမှာမှ ကိုကောင်းလတ်တို့ ဘာတို့ နဲ့ စကားထိုင်ပြောလိုက်မှ သူဆုံးသွားပြီဆိုတော့မှ ကျွန်တော် အရမ်းအံ့သြသွားတယ်။ ဘယ်လောက်တောင်ကြာပြီလဲဆိုတော့ ငါးလ ခြောက်လလောက်တော့ ရှိပြီ။ အဲလိုမျိုး။ အဲလောက်ထိ ကြာပြီဆိုတော့ အဲဒီမှာ ကျွန်တော်တို့ သူ့သီချင်းတွေ ပြန်နားထောင်ဖြစ်တာပေါ့နော်။ နားထောင်ပြီး ဟိုသီချင်းလေးတွေကို လွမ်းစရာလေးတွေ လိုက်ပြီးတော့ ဟိုဟာလေ... (Yatha starts singing...) ရစ်ပတ်ထားပါ နွယ်လေးရယ်...နွယ်ပင်ရယ်ဆိုတာ။ အဲဒီမှာ ကျွန်တော် အဲဒီ သီချင်းလေးကို နည်းနည်းသဘောကျသွားတယ်။ သဘောကျသွားတဲ့ အချိန်မှာ နောက်ထပ် တစ်ခုပြီးတစ်ခု ထပ်ဝင်လာတယ်။ အဲဒီမှာ အဲဒါကို template လုပ်ရမယ်။ လုပ်ရမယ်ဆိုတော့ ဟို ကျွန်တော် ငယ်ငယ်လေးထဲက ကြိုက်ခဲ့တဲ့ဟာတစ်ခုရှိတယ်။


ဟိုဟာလေ...တန့်ဒန်ဒန်ဒန်တန်တန် (Yatha singing) ကျွန်တော် ငယ်ငယ်လေးထဲက ကျွန်တော်တို့ အိမ်ကတိုင်ကပ်နာရီမှာလေ...တိုင်ကပ်နာရီက အမြဲ အဲဒီအသံပါတယ်လေ။ ကား back ဆုတ်ရင်လဲ ပါတယ်လေ။ သတိ...ကားနောက်ဆုတ်မယ် ဆိုပြီးတော့လေ။ အဲဒီနောက်မှာ..တန့်ဒန်ဒန်ဒန်တန်တန် ဆိုတာ။ အဲဒါ အဲဒီအသံလေးက ကျွန်တော် အမှန်တစ်ကယ်ပြောရရင် original ဟိုဟာကို နားထောင်ဖူးလို့မဟုတ်ဘူး။ အဲဒီ midi တီးလုံးလေးကို နားထောင်ဖူးတာနဲ့ အဲဒီတီးလုံးလေးကို သဘောကျလို့။ ဒီလိုနဲ့ chord ကလည်း လုံးဝမတူဘူး။ Major နဲ့ minor နဲ့ကို လွဲနေတယ်။ ဒါပေမဲ့ အဲဒီဟာနဲ့ အခုကောင်းလတ်ဟာနဲ့ ကပ်ကြည့်လိုက်တဲ့အချိန်မှာ အဆင်ပြေသွားတယ်။ ဆိုလို့ရတယ်ပေါ့နော်။ ရတယ်ဆိုတော့ အဲဒီမှာ ကျွန်တော် သူ့ရဲ့original အသံကို လိုက်ရှာပါတယ်။ Original အသံကို လိုက်ရှာတဲ့အချိန်မှာ မလွယ်တော့ဘူး။ မရှိတော့ဘူး data တွေကလည်း။ သူ့ရဲ့ original data က မရှိတော့ဘူး။ အကုန်လုံး mix လုပ်ပြီးသားဟာကြီးကို tempo ခွဲချမယ်။ ညှိဖို့ကျတော့ သိပ်မလွယ်ဘူး။ အရမ်းခက်တယ်။ ခက်တယ်ဆိုတာ သူ့ အသံ color ကြီးလဲ အရမ်းပျက်သွားမယ်။ အနောက်က noise လဲ ပါလာနိုင်တယ်။ အဲလိုဆိုတော့ အဲဒီအတွက် ကျွန်တော်ပဲ လုပ်လိုက်ပါတယ်။ အဲဒီ သီချင်းရဲ့အကြောင်းအရာ title ကတော့ သမုဒယသစ္စာပေါ့နော်။ ကျွန်တော် ပထမအပိုဒ်မှာ ဆိုပြထားတဲ့အတိုင်းပဲ။ နွယ်ပင်ဆိုတာ။ အဲလိုမျိုး သမုဒယသစ္စာပေါ့။ တစ်ကယ်တော့ အဲဒီတိုင်ကလည်း ဟိုဖက်က ချည်တာမဟုတ်ဘူး။ ကိုယ့်ဘာကိုယ် အချည်ခံတာ။ ကိုယ့်ဘာကိုယ် အချည်ခံပြီးတော့ ကိုယ့်ဘာကိုယ် ဇွတ်ရုန်းလို့မရအောင် လုပ်လိုက်တာပါပဲ။ တစ်ကယ်တော့။


ညီမ မြန်မာက rapper တွကို မေးဖို့  ကြိုးစားနေတဲ့ မေးခွန်းလေးတစ်ခုရှိတယ်။ အားလုံးကိုမေးဖို့ ကြိုးစားထားပါတယ်။ အဲဒါကတော့ မြန်မာမှာ အခုခေတ်စား နေတဲ့ "Gangster Rap" ပေါ့နော်။ ဒါလေးကို အစ်ကိုကနေ တစ်ချက် ညီမတို့ကိုရော၊ ပရိတ်သတ်ကိုပါ ရှင်းပြပေး စေချင်ပါတယ်။

Gangster Rap ဆိုတာ ကျွန်တော် ကြားဖူးတာတော့ 2 Pac စပြောခဲ့တာလို့ ကြားဖူးတယ်။ 2 Pac က register လုပ်ထားတာပေါ့နော်။ Gangster rap ဆိုတဲ့ စကားလုံးက သူပိုင်တဲ့ စကားလုံးပါလို့ 2 Pac ကနေ ပြီးတော့ အခု လက်ရှိအချိန်တွေမှာ မှတ်တမ်းတင်ထားတာပါ။ အဲဒါကို Gangster Rapper ဆိုပြီး ပြောနေကြတာ။ ကျွန်တော်တို့ စကြည့်ရမှာ 2 Pac ။ 2 Pac ကို စကြည့်ရမယ်ဆိုရင် 2 Pac ဘာတွေလုပ်ခဲ့တယ်...အခု 2 Pac အခွေအသစ် ထွက်နေပါတယ်။ အဲဒါလေးကိုကြည့်ကြပါလို့ Hip Hop နဲ့ ပတ်သတ်တဲ့လူတွေ၊ Hip Hop ကို စိတ်ဝင်စားတဲ့လူတွေ၊ အခု Hip Hop လုပ်မဲ့ Rapper တွေ အကုန်လုံးကို ပြောချင်ပါတယ်။ အဲအခွေကို အခုဘယ် site မှာလဲ မသိဘူး ကျွန်တော်တောင် download လုပ်ထားသေးတယ်။ အလကားရလို့ ဆိုပြီးတော့...ဟဲဟဲ။ အခု 2 Pac အခွေထွက်နေတယ်။ Dr.Dre အခွေလဲထွက်တယ်။ အဲ အဲဒီနှစ်ခွေလုံးကို တစ်ပြိုင်နက် ရှေ့ဆင့်နောက်ဆင့် ယှဉ်ကြည့်သင့်တယ်ပေါ့နော်။ 2 Pac က ဘယ်လို ဘာကြောင့်မို့လို့ သူ့ကိုယ်သူ အဲလိုမျိုး Gangster Rapper လို့ သူက ခံယူခဲ့တာလဲပေါ့နော်။


အဲလိုမှ မဟုတ်ဘဲနဲ့လေ ဟိုဟာ...ပြောနေရင်တော့ Gangster Rap ဆိုတာတော့ စာဖွဲ့စရာမလိုဘူး ထင်တယ်။ ကျွန်တော်တို့ ဟိုဟာ သိတယ်မလား။ စာသင်ကျောင်းထဲမှာ ဘော်ဒါ တစ်ယောက်နဲ့တစ်ယောက်နဲ့ မျက်စောင်းထိုးတာလောက်ကတော့ ...အဲ့လောက်ပုံစံနဲ့လောက်ကတော့ Gangster Rap မဟုတ်သေးပါဘူး။ နောက်ပြီးတော့ တစ်ခုရှိတာက သူတို့ဆီမှာ America မှာက East Coast West Coast က ကွဲတယ်ဆိုလည်း ကွဲလည်းကွဲချင်စရာကိုး။ ဟိုဖက်ထိပ်ဒီဖက်ထိပ် နည်းနည်းနောနောမှ မဟုတ်တာ။ သိတယ်မလား။ တော်တော်လေးကို ဝေးနေတယ်လေ။ ပထ၀ီအနေအထားအရ အရမ်းဝေးနေတာကလည်း တစ်ယောက်မျက်နှာတစ်ယောက် မြင်ဖို့ကလည်း သိပ်မလွယ်ဘူးလေ။ ရန်ကုန်မှာက ကြည့်လိုက်ရင်တောင် ဖင်ချင်းပေါက်နေတဲ့ဟာကြီးကို တစ်ယောက်နဲ့ တစ်ယောက်နဲ့က။ သိတယ်မလား။ လက်ဖက်ရည်ဆိုင်တွေ့ရင် ခလုတ်ဝင်မတိုက်ရုံ တမယ်ပဲ။ ပြောမယ်ဆိုရင် ကပ္ပလီတွေကိုတောင် မြန်မာတွေက ပြန်ဖြဲလို့ရတယ်။


သူတို့တွေက ဟိုဖက်အဝေးကြီးပဲ သူတို့က ဖြဲတာ။ ကျွန်တော်တို့ မြန်မာတွေက အဲလိုမဟုတ်ဘူး။ တစ်ရပ်ကွက်ထဲနေတာတောင် လှမ်းဖြဲလိုက်တာ။ သိတယ်မလား။ အဲလောက်ထိ သူတို့ထက်ပိုပြီးတော့ ဇပိုရှိတယ်။ ပိုပြီး သွေးကောင်းတယ်လို့တောင် ပြောလို့ရတယ်။ သူတို့ဟိုမှာက ကပ္ပလီတွေ သေနတ်ကိုင်တယ်ဆိုတာ မဆန်းပါဘူး။ ဒါ သူတို့ရဲ့သဘာဝနဲ့ သူတို့ရဲ့လူနေမှုအခြေခံ ဘဝပေးအရ သူတို့ ဖြတ်သန်းပေါက်ဖွားလာတဲ့ အရာကို မူတည်ပြီးတော့ ဖြစ်လာတာပဲလေ။ အဲဒါကြောင့် 2 Pac ကလဲ ပြောတယ်။ ဘာလဲ Thug Life ဆိုပြီးတော့ သူပြောခဲ့တာ...အမြဲ အမြဲ။ သူ ဟိုမှာ Tattoo ကြီးတောင် ထိုးထားလိုက်သေးတယ်။ သူ့ဗိုက်မှာလေ။ အဲလို...သူတို့ရဲ့ လုံးဝ အခြေခံဆိုတော့။ Thug ဆိုတဲ့အဓ္မိပ္ပာယ်ကို ဘာသာပြန်လိုက်မယ်ဆိုရင်တော့ dictionary ထဲမှာရေးထားတာကြီးကတော့ ဒါကြီးက ဘယ်လိုပြောမလဲ။ ဆိုးသွမ်းလူငယ်ပေါ့။ ကျွန်တော် မြန်မာလို အနီးစပ်ဆုံးပြောမယ်ဆိုရင် ဆိုးသွမ်းလူငယ်ပေါ့။ အဲဒီလို ဒါပေမယ့် သူက သူပြောချင်တဲ့ဟာက အဲလိုတင်မဟုတ်ဘူး။ ဆိုးသွမ်းလူငယ်ရဲ့ ဘဝဆိုပြီး သူက အဲလို ပေတေနေတဲ့ဘ၀ ပျက်စီးနေတဲ့ဘ၀ကို မီးမောင်းထိုးပြချင်တာ မဟုတ်ဘူး။ အဓိက က ဘာလဲဆိုတော့ အစားအသောက်လက်မဲ့ အိုးမဲ့အိမ်မဲ့ အဲလိုဖြစ်နေတဲ့ အဖိနှိပ်ခံ ကပ္ပလီတွေရဲ့ ကြမ်းပေါ်မှာပဲ ရှိနေပြီးတော့ နောက်ဆုံး အဲဒီလူတွေက ထွက်ပေါက်တစ်ခုကို ရှာကြတယ်။ အဲဒါတွေက ဘာလုပ်မလဲ။ ဓားပြတိုက်မယ်။ မူးယစ်ဆေး ရောင်းမယ်။ အဲလို လုပ်မယ်။ မကောင်းတဲ့ ဟာတွေ လုပ်မယ်။ သိတယ် မလား။ ပေတေမယ်။ ပုန်ကန်မယ်ပေါ့နော်။ ပထမတစ်ရက်ကတော့ ဗိုက်ဆာ တယ်။ အဲ အဲဒီအကြောင်းလေးကို အဲလိုမျိုး သီချင်းလေးညည်းပြီး ဆိုမယ်။ တဖြေးဖြေးကြာတော့လည်း အသံတွေက သိတယ်မလား။ ဗိုက်ဆာ တယ်။ ကြာလည်း ကြာလည်း ကြာရော အဲဒီအသံ တွေက တစ်ဆင့် ပြောင်းပြီးတော့ နောက်ဆုံးအော်ဟစ်ပြီးတော့ Rap ထဲကို ပြင်လုပ်လိုက်တာပါပဲ။


အဲဒီတော့ Gangster Rap, Gangster Rap ဆိုပြီးတော့  ဘယ်လိုနည်းနဲ့ပဲ ဆိုဆိုလေ ကျွန်တော် အကုန်လုံးကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ကိုယ်လုပ်တဲ့အရာက တစ်ခုခု အတွက်တော့ အကျိုးရှိမှ၊ ရည်ရွယ်ချက်တစ်ခုရှိမှလုပ်ရင် ကောင်းမယ်လို့ ကျွန်တော်ထင်တယ်။ ဥပမာ ကိုယ်ကသာ ဘယ်ကောင့်ကိုရိုက်မယ်ကွာ။ ဘယ်ကောင့်ကို နှက်မယ်ကွာ။ အဲလို ပြောလိုက်တဲ့အရာတစ်ခုက အကျိုးတစ်ခုခုတော့ ရှိရမယ်လို့ ကျွန်တော်ထင်တယ်။ အကျိုးအမြတ်ဆိုတာ ကိုယ့်အတွက်အကျိုးရှိမရှိ။ ကိုယ်ပြောလိုက်တဲ့ ဟိုဟာပေါ့...Second Person ပေါ့။ အဲဒီလူအတွက်အကျိုးရှိမရှိ။ ဒါမှမဟုတ် နားထောင်နေတဲ့ Third Person...ပရိသတ်အတွက်ရော အကျိုးရှိမရှိ။ အဲဒီထဲမှာ တစ်ခုခုက အကျိုးမရှိဘူးဆိုရင်တော့ ဘယ်လိုဟိုဟာပဲဖြစ်နေဖြစ်နေ အဲလိုမျိုး Gangster Rap ဆိုတာ မရှိသင့်ပါဘူး။ နောက်ပြီးတော့ အကျိုးရှိမှပဲ Battle လုပ်တာလဲကောင်းပါတယ်။


ကျွန်တော်ထင်တာ အကျိုးရှိမှဆိုတာ တစ်ချို့အရာတွေက ကိုယ်က အဲလို Battle လုပ်လိုက်လို့ ဟိုဖက်ကနေပြီးတော့ ရှက်သွားပြီးတော့ သူ့ဘာသူ အနေအထိုင် ဆင်ခြင်ပြီးတော့ ပြန်ပြင်လိုက်တာတို့။ သိတယ်မလား။ နဂိုကထက် ပိုပြီးဆင်ခြင်လာတာတို့ အဲတာမျိုးဆိုရင် အကျိုးရှိတယ်လေ။ သူ့အတွက် အကျိုးရှိသွားတယ်။ ကိုယ်က လူမုန်းခံပြီး ပြောပြလိုက်ရတာ။ ဒါပေမဲ့ သူက အဲလို ဆင်ခြင်စရာ...ဟာ ဒီကောင် အဲလိုပြောနေပြီ။ ငါလဲ ကြိုးစားသင့်ပြီ။ ငါ ဆင်ခြင်သင့်ပြီဆိုပြီးတော့ ဟုတ်တယ်မလား။ အဲတော့ သူ့အတွက် အကျိုးရှိတယ်။ ကိုယ့်အတွက်တော့ အကျိုးမရှိပါဘူး။ အဲဒါက ဘယ်လိုပဲဖြစ်ဖြစ်လေ တစ်ခုခုမှာတော့ အကျိုးရှိရမယ် ထင်တယ်။ အဲဒါပါပဲ။ ပြီးတော့ Gangster rap ဆိုတာကလဲ တစ်ကယ်တမ်း ဒီရန်ကုန် လက်ရှိမြို့အခြေအနေမှာလဲ အဲလို လူမိုက်ခေတ်ဆိုတာလည်း မရှိတော့ပါဘူး။ လူမိုက်ခေတ်လည်း ကုန်သွားပါပြီ။ အဲ...တစ်ကယ်တမ်း မိုက်မယ်ဆိုရင်...တစ်ကယ်တမ်း မိုက်ကြေးဆိုရင် သူတို့က ကပ္ပလီတွေကလဲ ကပ္ပလီတွေအထာနဲ့ ကပ္ပလီတွေမိုက်သလို မြန်မာတွေကလဲ မြန်မာတွေအထာနဲ့ မိုက်တဲ့နေရာတွေအများကြီးရှိပါတယ်။ 2 Pac တောင် ဆိုက်ကားမှ မနင်းဘူးတာ။ ဟုတ်တယ်မလား။


2ကိုရသ သီချင်းတွေမှာ ဘ၀အကြောင်းအပြင် အလွမ်းသီချင်းကောင်းတွေကို တွေ့ ရပါတယ်။ အဲဒီအမျိုးအစား (၂)ခုကမှ ကိုရသ နောက်ပိုင်း ဘယ်ဘက်ကို ပိုအားသန်သွားမလဲ။ "ညီလေး"လို သီချင်းပုံစံရော ထပ်လုပ်ဖို့ရှိလားရှင့်။

အင်း...အဲလိုမျိုး ကျွန်တော် အဲလို အပြောင်အပျက်ပေါ့နော်။ အဲ့လိုသီချင်းမျိုးတွေ ကျွန်တော် ကိုယ့်ဘာကိုယ်လျှော့ဖို့ ကြိုးစားနေပါပြီ။ ကျွန်တော့်အတွက် သက္ကရာဇ်ကလည်း တဖြေးဖြေး နည်းသထက် နည်းလာပြီ။ တဖြေးဖြေးနဲ့ သိတယ်မလား အချိန်ကလူကို ၀ါးဝါး ၀ါး ၀ါးစားသွားသလိုလေ။ တဖြေးဖြေးနဲ့ လုံးပါး ပါးပါး ပါးပါး လာတယ် လူတွေက။ ဆိုတော့ သတိထားမိတယ်။ အဲဒီတော့ အချိန်ဘယ်လောက်မှ မကျန်တော့တဲ့ အချိန်အတွင်းမှာ အရည်မရ အဖတ်မရ သီချင်းတွေ ဆိုပြီးတော့ ကျွန်တော် ကိုယ့်ဘ၀ကိုယ်တော့ ဒီအဆိုတော်ဘ၀ကိုတော့ အချိန်ကုန်မခံတော့ပါဘူး။ ကျွန်တော် ဒီ တစ်သက်လုံး ဘယ်နှနှစ်ဆက် ထပ်ဆိုနိုင်ဦးမှာလဲ။ အချိန်အရမ်းနည်းနေပြီ ဆိုတော့ ကျွန်တော် ပိုပြီးတော့ ဂရုစိုက်ရမယ်။ ပိုပြီးလည်း တာဝန်ကြီးလာပြီ။ သူတစ်ပါးအတွက်လည်း ပိုတာဝန်ကြီးသလို ကိုယ့်အတွက်လည်း ပိုတာဝန်ကြီးလာပါပြီ။


အစ်ကို့ဆီက သိချင်တာတစ်ခုက အစ်ကိုအခုလို နေရာတစ်ခု ရလာတဲ့အပြင် ပရိသတ်ကိုလည်း သီချင်းတွေနဲ့  ဖမ်းစားနိုင်ခဲ့ပြီ။ အခုလိုအချိန်မှာ နောက်ပြန်လှည့်ကြည့်တဲ့အချိန်မှာ ဘာတွေကိုတွေ့လာခဲ့လဲ။  အရင်က ရသမှာရှိတာက ဘာများ အခုရသက ပြန်လိုချင်တာရှိလဲ မသိဘူး။

နောက်ပြန်လှည့်ကြည့်ရင် ဘာပြန်လိုချင်လဲဆိုတော့ ... ဘာနဲ့တူလဲဆိုတော့ ကျွန်တော်ထင်တာကတော့နော် ... ဟိုဟာ မီးရထားလမ်းမပေါ်မှာလေ အဲ့လိုမျိုး နောက်ကျကျန်ခဲ့ပြီး  ပြန်လှည့်ကြည့်တဲ့ ကိစ္စတစ်ခုနဲ့။ တိုက်ဆိုင်လို့ ပြောတာပါ။ Gandhi က ရထားပေါ်ကိုတက်စီးတယ်တဲ့။ အဲဒီမှာ ဖိနပ်တစ်ဖက်က အောက်မှာကျွတ်ကျကျန်ခဲ့တော့ သူကျန်တဲ့တစ်ဖက်ကို အောက်က လူကို ပစ်ပေးလိုက်တယ်ဆိုတာ သိတယ် မဟုတ်လား။ အဲလိုမျိုးပဲ ကျွန်တော်တို့ဆီမှာ ချန်ကို ချန်ခဲ့ရမယ့် အတိတ်ဆိုတာလည်း ရှိတယ်။ တစ်ချို့တွေ ဖိနပ်ကြီးတစ်ရံကိုင်ပြီးတော့ အရင်တုန်းက ဖိနပ်လေးတစ်ရံ ရှိခဲ့ဖူးပါသေးလား ဆိုပြီးတော့ လွမ်းနေရမယ့် အတိတ်မျိုးတွေလည်း ရှိရင်ရှိမှာပဲ။ ဒါပေမယ့် အဲဒီအချိန်မှာ ကိုယ့်ဘာသာ စဉ်းစားပေါ့။ ကိုယ့်ဘာကိုယ် စဉ်းစားဆိုတာ...ဟို ဆိုးတဲ့အတိတ်ဆိုရင်တော့ ကျွန်တော်တို့က ထားခဲ့မှာပဲ။ သိတယ်မလား။ ဒါပေမယ့် တစ်ချို့ရှိတာတွေက လက်လည်း လက်မခံချင်ဘူး။ ဒါပေမယ့် လက်မခံလို့လည်း မရဘူး။ အဲလို အနာဂတ်တွေ၊ အဲလို ပစ္စုပ္ပန်တွေလည်း ရှိတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ်လေ။ ရှိတဲ့ အချိန်၊ ရှိတဲ့ ဘ၀မှာ ကိုယ့်ဘာကိုယ် အကောင်းဆုံး ကျေကျေနပ်နပ် ကြိုးစားနေတာ အကောင်းဆုံးပါပဲ။


နောက်တစ်ခုသိချင်တာက ရွှေတံဆိပ်ဆုရှင် တစ်ယောက်အနေနဲ့ Hip Hop သီချင်းတွေကို သီဆိုဖို့ အဆင့်ဆင့်ပြောင်းလဲပုံလေးကို ညီမတို့ကိုပြောပြပေးပါ။

Evolution ပေါ့။ ဆင့်ကဲ ပြောင်းလဲလာပုံ။ ကုန်းရာကနေ မတ် ဆိုတာ...ဟုတ်လား။ ထိုင်ရာကနေ ထ ပေါ့။ အင်း...ဘယ်လိုလဲဆိုတော့ အဓိက ကတော့ Hip Hop ကို ကြိုက်တာထဲမှာ စကားပြောဆန်တယ်ပေါ့နော်။ စကားပြောဆန်တယ်ဆိုတာ ကိုယ်ပြောချင်တဲ့ အချက်အလက်တွေကို အများကြီးတင်ပြမှု ရှိတယ်။ ကိုယ်ပြောချင်တဲ့ notes တွေကို ခေါင်းစဉ်တစ်ခုထဲမှာပဲ အကုန်လုံး proper ဖြစ်အောင်၊ ပြည့်အောင် ရေးလို့ရတယ်။ ဒါပေမယ့် အဲဒါက သူ့ရဲ့ ကောင်းကွက်ပေါ့နော်။ သူ့ရဲ့ဆိုးကွက်က ဘာလဲဆိုတော့ အဲဒီ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတစ်ခုကို သာမန်ကာလျှံကာ သိပြီးတော့ တော့ လုံးဝ သွားရေးလို့ မရဘူး။ လက်ဖျားနဲ့တောင် သွားမထိလိုက်လေနဲ့။ အဲ့ကျမှ အကြီးကြီး ဂွမ်းသွားရော။ ဘာလို့ဆိုတော့ ကိုယ်ကိုယ်တိုင်သိမှ၊ ကိုယ်ကိုယ်တိုင်လဲ အဲဒီထဲကို နက်နက်နဲနဲ ထဲထဲဝင်ဝင်သိမှ ကိုယ်ပြောလို့ရတယ်ဆိုတော့ အကြောင်းအရာက။


အဲဒီလိုမျိုး အပေါ်ယံ ယေဘုယျအားဖြင့် ရွှီးပြီးတော့ ပြောတာတို့၊ ရွှမ်းပြီးတော့၊ ဖြန်းပြီးတို့ပြောတာတို့လောက်ဆိုရင်တော့ ကျွန်တော်ပြောတာ သိတယ်မလား။ ဟာ..ငါ ဂေါ်လီ၊ ထွေလာဂျီ စီးတယ်တို့။ ထွေလာဂျီ မမြင်ဘူးဘဲနဲ့လဲ အဲလို ထွေလာဂျီပြောလို့ မရဘူးလေ။ ဟားဟား... ကျွန်တော်ပြောတာ သိတယ်မလား။ အဲလိုမျိုး အပေါ်ယံကြော သိပြီးတော့ ဂေါ်လီလုပ်ရင်လဲ ဘာထူးမလဲ။ လူပြောစရာပဲ ဖြစ်မှာပဲလေ။ အဲဒီတော့ Hip Hop က ဘာလဲဆိုတော့ ကိုယ်နဲ့သီချင်းနဲ့ တစ်သားထဲ ကျရမယ်။ ဒါက အရင်တုန်းကလဲ ဒီဝါဒ က ဘယ်မှာလဲဆိုတော့ မော်ဒန်ကဗျာမှာလား ဘယ်ကဗျာဝါဒမှာလဲ မသိဘူး။ အဲဒီဟာက အငြင်းအခုန်တစ်ခု ဖြစ်ခဲ့ဖူးတယ် ကြားတယ်။ ကဗျာဆရာတွေမှာ ကဗျာနဲ့ ကဗျာဆရာနဲ့က တစ်သားထဲကျရမယ်ဆိုတာက အဲဒီတုန်းက အငြင်းအခုန်ပိုင်းမှာ အများကြီးရှိတယ်။ တစ်ချို့က Realism ဘက်က ငြင်းတယ်။ တစ်ချို့တွေကလည်း သိတယ်မလား နည်းမျိုးစုံနဲ့ အကုန်လုံးက။ အဲဒီတုန်းက အတိုက်အခံတွေကိုး။


အဲဒီတုန်းက အဖွဲ့တွေတော်တော် ကွဲကြသေးတယ် ကြားပါတယ်။ ကျွန်တော်ထင်တာကတော့ ဒီ Hip Hop ကတော့ ကိုယ့်အကြောင်းကိုပြော။ မပြောဘူးဆိုရင် ကိုယ့် တကယ် ဘေးပတ်ဝန်းကျင်မှာ မြင်ရတဲ့လူအကြောင်းကို Third person အနေနဲ့ ပြော။ သိတယ်မလား။ အဲလိုပဲ ပြောတာ ပိုကောင်းတယ်။ တကယ်ဖြစ်တာတွေကိုပဲ ပြောရင် ကောင်းမယ်။ ကျွန်တော်ထင်တာက အဲလို မဟုတ်မဟတ်တွေလုပ်ပြီးတော့ ပရိသတ်နားထောင်ကောင်းအောင် ပြောတယ်ဆိုတာလည်း ပြောရတာပေါ့နော်။ ဒါက အနုပညာပိုင်းဆိုင်ရာ ပေါ့။ ဖန်တီးမှုပိုင်းဆိုင်ရာ ပေါ့။  ဒါပေမယ့် Hip Hop ဆိုတာ ကျွန်တော် ထင်တာတော့၊ ကျွန်တော် ယုံကြည်ထားတာတော့ ဘာလဲဆိုတော့...လမ်းပေါ်မှာ အခြေခံလူတန်းစားတွေ... မြန်မာပြည်အနေနဲ့ ပြောမယ်ဆိုရင် 80% ပေါ့နော်။ အဲ့လောက် 80% လူတန်းစားတွေရဲ့ ဘက်ကနေ ရပ်တည်ပြီးတော့ သူတို့တွေကို ပြန်ပြီးတော့ ဖျော်ဖြေတဲ့ ယဉ်ကျေးမှုတစ်ခု။ အဲဒီ ယဉ်ကျေးမှုတစ်ခုထဲမှာမှ ဖန်တီးမှု အနုပညာကို နည်းနည်းလေးထည့်လိုက်တာ။ အဲဒါက Hip Hop ပါပဲ။ အဲလိုတော့ ထင်မိတာပဲ။


ပြီးတော့ မိန်းကလေး ပရိသတ်တွေက သိချင်နေတယ်။ ကိုရသ ဘယ်နေ့ မိန်းမယူမလဲတဲ့။ ဟီးဟီး

ကျွန်တော် ဘယ်နေ့ မိန်းမယူမလဲဆိုတော့...အင်း...ဟိုဟာ..မင်္ဂလာလက်မှတ်စာချုပ်မှာ လက်မှတ်ထိုးတဲ့နေ့။ ဒီနေ့ထိတော့ ဘယ်သူနဲ့မှ မထိုးဘူးပါဘူး။


ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတဲ့အတွက် ညီမတို့ MYMC က ကျေးဇူးအထူးတင်ပါတယ်။ အစ်ကို့ဆီက ညီမတို့ MYMC Radio အပေါ် အမြင်နဲ့  အကြံဥာဏ်လေးများ ပေးနိုင်မလား။

အင်း...အကြံဥာဏ်လေး ပေးနိုင်မလားဆိုတော့ ကျွန်တော်တို့ အကုန်လုံး ဒီလိုဖွဲ့စည်းထားတာကလဲ လူငယ်တွေပဲ ဖြစ်တယ်။ နောက်ပြီးတော့ မြန်မာတွေ၊ အထူးသဖြင့် အဝေးရောက် မြန်မာတွေလည်း များတယ်ဆိုတော့ ကျွန်တော်က ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ အဲလိုမျိုးအဖွဲ့တွေ၊ ဒီလိုမျိုးလူတွေက အများကြီးကို ရှိသင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ အဲဒီ Information ပဲဖြစ်ဖြစ်၊ အဲလိုမျိုးပဲ အကြောင်းအရာလေး တစ်ခုပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက်နဲ့ လက်ဆင့်ကမ်းပေးနိုင်တယ်။ အဲ...နောက်ပြီးတော့ ဝေးနေပေမယ့်လည်းပဲ နီးနေသလိုပဲ ချစ်နေမယ်။ အဓိက က အကုန်လုံးက သိတယ်မလား။ Network ကြီး တစ်ခုလို ဖြစ်သွားပြီးတော့၊ ကိုယ် ကွန်ယက်တစ်ခုကြီး ချိတ်မိထားသလိုလည်း ဖြစ်ရင်လဲ ဖြစ်နေမယ်။ အဲဒီအတွက် ကောင်းပါတယ်။ ထွေထွေထူးထူး အကြံပေးစရာတော့ မရှိပါဘူး။ အဓိက က ဘယ်အလုပ်မဆို ရေရှည်တောင့်ခံပြီး လုပ်နိုင်ရင်တော့  တစ်နေရာတော့ ရမှာပါပဲ။ ဒီစကားက ကျွန်တော့်ကို အနဂ္ဂက တစ်ချိန်တုန်းက လွန်ခဲ့တဲ့ ၇နှစ်လောက်တုန်းက ပြောခဲ့တဲ့စကားပါ။


ကျေးဇူးတင်ပါတယ်ရှင်။ ကိုရသတစ်ယောက် အခုထက် သီချင်းကောင်းများစွာ ရေးသားသီဆိုနိုင်စေလို့  MYMC Radio ကနေ ဆုတောင်းပေးလိုက်ပါတယ်နော်။


MYMC Interview Team

Interviewer | Number1Princess

Write Up/Questions | Number1Princess, GhostIntheRain, ApayAtay_Gurl, S^_^eet

Management | Cutyeaint

Design | Mahuyar, psycho_killer

Comments (127)

 1 2 3 4 5 >  Last ›
...
min a that min pyan kyi own... :D........... ka lay a htar tway thake ma lote nae'............
@lone , August 16, 2010
...
ကို ရသ ဖြေတဲ.စတိုင် မိုက်တယ်
love the way Number1Princess laughs too!!
ရဟူး , August 08, 2010
...
ကျွန်တော်ကတော့ မြန်မာ Rapper တွေထဲမှာတော့ ကိုရသ ရဲ့စာသားတွေကိုကြိုက်တယ်ဗျာ
အားပေးနေမယ်ဗျာ ...ခုလို အင်တာဗျူးပေးတဲ့ mymcyber ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ
mymcyber အဓွန့်ရှည် တည်တံ့ပါစေဗျာ
ုလင်းသစ် , July 25, 2010
...
Go away Second Generation...........Ur rhyme N flow r ....carry such borin to me..........
Third Generation(G-Fam,Rockstar,BLF)songs r more better than yours....so creative N ....Ever Fresh
Jus-K , July 04, 2010
...
i like yatha
kaythihlaing , June 18, 2010
...
Yatha yay..ma nar lo chat ka top 9 pal naw..Htaw lar gyi ko top real experience ma hote bu loc say tal naw...but hip hop mhar whole country lone pout thwar tar song so top ...inn lay .....yatha so tar anote sote gote sote pal ko show pwal mhar see tine
JUS-K , June 17, 2010
...
hi fri
one day
u are my river being
i like u are rhyme
so,can u race me with freestlye?
i am a hiip hop crazy
minnpaing.mm , May 26, 2010
...
ဟလို ကိုရသ ရဲ့ ဆိုပုံဆိုဟန်နဲ့ ကာရံနဘေတွေကဘယ်သူနဲ့ မှမတူ တမူကွဲပြားနေတယ်နော် လန်းတယ် ဘယ်သူနဲ့ မှမတူလေပိုကောင်းလေ ကိုယ့်စတိုင်လ်ကိုယ့်အမူအယာနဲ့ လုပ်ရင်ဘာမဆိုကောင်းတယ် hip hop လောကမှာတမူထူးခြားတဲ့အဆိုတော်ဖြစ်လို့ စောက်ရမ်းကြိုက်တယ် ပညာလည်းရတယ် အမြဲအားပေးလျှက်ပါ
2 thu , May 16, 2010
...
အခြောက်နောက်လိုက်တွေကတော့ အခြောက်ပဲလုပ်မှာပေါ့ copy နဲ့စော်ကြည်အောင်ဆိုပြီးဂီတကိုဇျက်ဆီးနေတဲ့ကောင်တွေကတော့ မုန်းချင်မုန်းမယ် စိတ်ချ ကြာကြာမခံပါဘူး
အိမ်မက်ဆိုး( for အခြောက်) , May 16, 2010
...
ရသ ဒီထက်ပိုပြီးအောင်မြင်ပါစေ
ပညာပေးလဲများများလုပ်နိုင်ပါစေ
အိမ်မက်ဆိုး( for frenzo ) , May 16, 2010
...
a yan mait tal B-)

set wanna aung , May 16, 2010
...
Ko YATHA,
UR hip hop king in my heart.I love UR all of songs because UR songs can make people fun,get general knowledge.I also love UR style because UR style is free and confortable.And,
I love U beacuse U R not big headed.U can be friend all of living standard.I so so love UR songs about myanmar.I believe in UR excellent songs will be always living songs coming coming years.

THAW ZIN , May 10, 2010
...
Ya ta ka mite par tel... ma nar lo sate layy myarrr nay tar ka lwell yinn... whtever, arr pay hlwat par...
Right , April 26, 2010
...
"ဟာ..ငါ ဂေါ်လီ၊ ထွေလာဂျီ စီးတယ်တို့။ ထွေလာဂျီ မမြင်ဘူးဘဲနဲ့လဲ အဲလို ထွေလာဂျီပြောလို့ မရဘူးလေ။ ဟားဟား... ကျွန်တော်ပြောတာ သိတယ်မလား။ ရသ ပြောတာ ကလေးမဆန်ဘူးလား..သူတစ်ပါးကို ပုတ်ခတ်သလိုပဲနော်." i agree with u!!!! before i listen this interview i like ya tha so much..but now i will still like him but will never be the same..kinda disappointed in him.
ananymous , April 14, 2010
...
လန်ထွက်နေတာပဲ...
ye' htet naing , April 07, 2010
...
sout yan mite tal byar
cyanize , March 09, 2010
...
u might know some a bout a music
but u arnt know nothing a bout a rap ..lie bitch
shut the f**k up n time to rest n pace mang
d , February 08, 2010
...
ကိုရသကို အမြဲအားပေးနေပါ့မယ်နော်။ကြိုးစားထားနော်......။
Moe Ma Kha , February 08, 2010
...
ကိုရသ
၂၀၁၀ happy new year တုန်းကနေ မကောင်းလဲသီချင်း ဆိုပေးတယ်နော်..
ကိုရသ ကိုမျှော်နေတဲ့ ပရိတ်သတ် ကိုလေးစားတဲ့ ကိုရသ ပိုပိုအောင်မြင်ပါစေ...
photo လေးတွေတော့တင်ပေးပါဦးနော်...လပြည့်လိုချင်လို့ပါ....
La Pyae , February 01, 2010
...
မွန်မွန်နော်မှားသွားလို့  မွန်မွန်ရေ ခင်ချင်လို့ gmailလေးပေးပါလား....
minmin , January 28, 2010
 1 2 3 4 5 >  Last ›

Write comment

You can add your comment here

busy

Who's Online »

We have 318 guests online

MYMC News! »

  • 5 Sep 2010 | 10:44 pm

    မုတ်သုံမိုးကြောင့် ရေဘေး ဒုက္ခများ ကြုံတွေ့နေရသည့် ပါကစ္စတန် နိုင်ငံ၏

    Read more...
  • 5 Sep 2010 | 10:29 pm

    မေလ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ရပြီး အာဏာရပါတီနေရာကို

    Read more...