
အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်တို့ MYMC ရဲ့ first activity အနေနဲ့ ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ Donation လေးတစ်ခုကို ကျင်းပပြုလုပ်ပေးနိုင်ခဲ့ပါတယ်။Activity ဆိုတဲ့အတိုင်း Donation ချည်းသက်သက်မဟုတ်ဘဲ ပျော်ရွှင်ဖွယ်ကောင်းမယ့် ဂိမ်းကစားနည်းလေးတွေ... ကံစမ်းမဲ နှိုက်တာလေးတွေ တစ်ကိုယ်ရည် ကျန်းမာရေး၊ သွားကျန်းမာရေး စစ်ဆေးပေးတာတွေ အခမဲ့ဆံပင်ညှပ်ပေးတာတွေပါ ပြုလုပ်ပေးခဲ့ပါတယ်။ ကျောင်းသူ/သားများနဲ့ ၀န်ထမ်းတွေအတွက် နေ့လည်စာကို မြိတ်ကတ်ကြေးကိုက် နှင့် ကျောက်ကျောဖျော်ရည် တို့ဖြင့် ကျွေးမွေးလှုဒါန်းခဲ့ပြီး ကြွရောက်လာကြတဲ့ ဧည့်သည်များကိုပါ တည်ခင်းဧည့်ခံခဲ့ပါတယ်။ ဒါ့အပြင် မျက်မမြင်ကျောင်းသား/သူလေးများအတွက် ဆင်တူအင်္ကျီအဖြူ ၁၀၀ ထည်ကိုလည်းလှုဒါန်းခဲ့ပါသေးတယ်။ ၀မ်းသာစရာ အကောင်းဆုံး ကတော့ အလှုပွဲနေ့မှာ ကြွရောက်လာတဲ့ ဧည့်သည်တွေရဲ့ လှုဒါန်းငွေချည်းတင် ၅၀၀၀၀(ငါးသောင်း)ကျပ်ရှိခဲ့ပါတယ်။ အစကတည်းက ရည်ရွယ်ထားတဲ့အတိုင်း အကုန်လုံးကို ကြည့်မြင်တိုင် မျက်မမြင်ကျောင်းကို လှုဒါန်းပေးခဲ့ပါတယ်။ ဒီအလှုကတော့ MYMC မိသားစုနဲ့လုံးဝမသက်ဆိုင်တဲ့ MYMC ကိုချစ်တဲ့ MYMC ပရိသတ်တွေရဲ့ အလှုသီးသန့်ပါ။နတ်လူသာဓုခေါ်နိုင်ပါစေ...။ ပထမဆုံးအကြိမ်ဖြစ်တာမို့ အဘက်ဘက်အားနည်းချက်လေးတွေ ရှိခဲ့ပေမယ့် ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင်ပဲပြီးဆုံးခဲ့ပါတယ်။ MYMC ကိုချစ်တဲ့ပရိသတ်တွေကြောင့် ဒီပွဲလေးစည်ကားခဲ့တယ်ဆိုရင် မမှားပါဘူး။ အဖွဲ့ဝင်ဦးရေအားနည်းတဲ့အတွက် နည်းနည်းနဲ့ကျဲကျဲဝိုင်းနေရတာကြောင့် ကြွရောက်လာတဲ့ MYMC ဧည့်သည်တွေရဲ့ လုပ်အားတွေက ကျွန်တော်တို့အတွက်ခွန်အားတစ်ရပ် ဖြစ်ခဲ့ပါတယ်။နောက်နောင် MYMC ရဲ့activity များမှာလည်း ဒီထက်ပိုပြီး စည်စည်ကားကားဖြစ်လာပါစေလို့မျှော်လင့်မိပါတယ်။ (ကြွရောက်ပေးခဲ့ကြတဲ့ ဧည့်သည်များရော မပါဝင်ခဲ့ကြတဲ့ MYMC ရဲ့ပရိသတ်များကိုပါတစ်လက်စတည်း ဖိတ်ပါတယ်။ နောက်နောင်ပွဲများကိုလည်း လာခဲ့ကြပါဦး... ။ )
ကျွန်တော်တို့ YGN Mob တွေရဲ့activity ပွဲအကြိုရင်ခုန်သံတွေကတော့ အရောင်စုံပဲပေါ့။ ပထမဆုံးအတွေ့အကြုံဆိုတော့ အောင်မြင်ပ့ါမလား... အဆင်ပြေပြေနဲ့ပဲ ပြီးဆုံးသွားပါ့မလား အောင်အောင်မြင်မြင်မဟုတ်တောင် အဆင်ပြေပြေ ကသီလင်တ ကမောက်ကမ မဖြစ်ဘဲပြီးဆုံးနိုင်ခဲ့ရင်တောင်.. တော်ပါပြီလို့ ကြိတ်ပြီးဆုတောင်းနေရတာလည်း အခါခါပဲပေါ့။ အခုလိုပြီးဆုံးသွားပြန်တော့လည်း တစ်ခုခုပဲလစ်ဟာကျန်ခဲ့သလို ... ရင်ထဲကအလုံးကြီးပဲ ပြုတ်ကျသွားသလို ခံစားချက်တွေကတော့ စုံနေတာပါပဲ။ သာမန်အလှုတစ်ခုလို နေ့လည်စာကျွေးမွေးခဲ့ပါတယ် ဆိုတဲ့ စာတစ်ကြောင်းတည်းနဲ့ မပြီးချင်တော့လည်း အခုလိုဖြစ်အောင်ကြိုးစားခဲ့ကြတာ တူညီတဲ့ YGN Mob တွေရဲ့ စေတနာအရင်းခံတဲ့စိတ်ရင်းကိုမြင်တွေ့ခဲ့ရလို့ အလွန်ပဲအားတက်ခဲ့ရပါတယ်။ နောက်ဆက်လှမ်းမယ့် ခြေလှမ်းများကိုလည်း ခုလိုပဲတူညီတဲ့အားနဲ့ လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ခုလိုအစီအစဉ်များမှာ ပါဝင်ချင်တဲ့ MYMC ပရိသတ်တွေကိုလည်း MYMC Mob အဖွဲ့က လှိုက်လှိုက်လှဲလှဲ(အားပါးတရ) ကြိုဆိုနေပါတယ်။
|
"Get the Flash Player"
"to see this gallery."
|
စကားမစပ် ကျေးဇူးတင်လွှာလေးများထည့်ရမယ်ဆိုရင် ဒီ Helping Hands ဆိုတဲ့ပွဲလေးအတွက် ပြုလုပ်ဖို့နေရာကိုစတင်ပြီးအကြံဥာဏ်ပေးအဆိုပြုသူ ပြီးတော့ အလှုပွဲနေ့မှာ မီးဖိုချောင်မှာ ချွေးတစ်လုံးလုံးနဲ့အလှတောင် မပြင်နိုင်အောင် တစ်ယောက်တည်းကြဲပေးခဲ့တဲ့ YGN Mob အဖွဲ့ရဲ့အိမ်ရှင်မ မPsyche။ ကလေးတွေကျန်းမာရေး စစ်ဆေးဖို့ အဆက်အသွယ်အစုံနဲ့ သိုက်သိုက်ဝန်းဝန်းစည်စည်ကားကားဖြစ်အောင် ဖန်တီးပေးခဲ့သူ၊ လိုအပ်သမျှ ငွေအားကအစ စိုက်ထုတ်ဖြည့်ဆည်းပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့အစ်မ မNan dar။ လိုအပ်တဲ့နေရာတွေမှာ လိုအပ်သလို တတ်နိုင်သမျှ ဖြည့်စွမ်းပေးခဲ့ကြတဲ့ ကျန်တဲ့ YGN Mob အဖွဲ့သားများ၊ အရေးကြီးဆုံးသောMYMC Mob ဆိုတာကို အသက်သွင်းပေးခဲ့တဲ့ "ညီ ချ..ချ.. အားပေးနေတယ်"ဆိုတဲ့ ကိုMahuyar(Admin) ၊ အစစအရာရာတိုင်ပင်ခံ ခေါင်းစားခံပေးခဲ့တဲ့ မNumber1Princess(Admin)၊ ကိုယ်တိုင်လုပ်အား မတတ်နိုင်တာကြောင့် ငွေအားအကြံဥာဏ်အားတို့နဲ့ အဝေးကအားပေးခဲ့ကြတဲ့ ကို Seanjune၊ကို Craton၊ မBaby Angel အစရှိတဲ့ ကမ္ဘာတစ်လွှားက MYMC မိသားစုဝင်များ၊ ကိုယ့်အကျိုးမပါတဲ့ စေတနာ အပြည့်နဲ့ ကုသပေးခဲ့ကြတဲ့ ဒေါက်တာများ၊ မျက်မမြင်လေးများကို စေတနာနဲ့ အခမယူဘဲ ဆံပင်ညှပ်ပေးကြတဲ့ မမနှစ်ယောက်၊ တစ်အုပ်တစ်မနဲ့ ကြွချီလာပြီး တစ်ယောက်တစ်လက်နဲ့ လုပ်စရာပျောက်သွားအောင် တစ်တပ်တစ်အားကူညီပေးခဲ့ကြတဲ့ ဒီရဲဂျာတို့ရဲ့ မြန်မာချစ်သူများအဖွဲ့ တို့နဲ့ ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်အပေါင်း တို့ကို ကျွန်တော် Charm ကအထူးပဲကျေးဇူးတင်ရှိပါကြောင်း....။
ဒီပထမဆုံးအလှူလေးမှာ လွတ်သွားလို့ နောက်အလှူတွေမှာ MYMC နဲ့အတူပါဝင်ကူညီချင်တယ်ဆိုတဲ့ ပရိတ်သတ်တွေအတွက်လည်း charm@mymclub.net, ms.shwethal@gmail.com တို့ကို email ပို့ပြီး ဆက်သွယ်မေးမြန်း နိုင်ပါတယ်။
MYMC ရန်ကုန် MOB ထဲမှာ အသင်းဝင်ချင်တယ်ဆိုရင်တော့ အောက်ကပုံလေးမှာ တစ်ချက်နှိပ်ပြီး လျှောက်လွှာတင်လိုက်ပါ။ သေချာစီစစ်ပြီးမှ လက်ခံတာဖြစ်လို့ လျှောက်လွှာတင်တဲ့အခါ မေးထားတာလေးတွေကို တိတိကျကျ ဖြေဆိုပေးပါရန်။
