
MYMC ပရိသတ်ကြီးမင်္ဂလာပါရှင်။ MYMC အနေနဲ့ ၂၄ နာရီ အွန်လိုင်းပေါ်မှာ ရေဒီယိုလွှင့်ပေးတာအပြင် အခုလိုမျိုး နာမည်ကြီး အနုပညာရှင်တွေရဲ့ အကြောင်းလေးတွေ၊ အင်တာဗျူးလေးတွေနဲ့လည်း အခန်းကဏ္ဍ သပ်သပ်တစ်ခုအနေနဲ့ ကမ္ဘာအနှံ့အပြားက မြန်မာ ပရိသတ်တွေကို တစ်တပ်တစ်အား ဖျော်ဖြေတင်ဆက်ပေးနေပါတယ်။ အခုတစ်ခါမှာတော့ အဆိုတော်အပြင် သရုပ်ဆောင် လုပ်ငန်းတွေကိုပါ လုပ်နေတဲ့အေသင်ချိုဆွေနဲ့ သွားရောက်မေးမြန်းခဲ့ပါတယ်ရှင့်။
မအေသင် မင်္ဂလာပါနော်။
ဟုတ်ကဲ့။ မင်္ဂလာပါ။
ညီမကတော့ MYMC Online Radio က Grace ပါ။ ပထမဆုံးအေသင်ချိုဆွေဆိုတာ နာမည်အရင်းပဲလား။ ဒါမှမဟုတ် အနုပညာ နာမည်လားဆိုတာ သိပါရစေရှင်။
အေသင်ချိုဆွေဆိုတာ အိမ်နာမည်ပါ။ နာမည်အရင်းပေါ့နော်။ မှတ်ပုံတင်နာမည်လည်း အေသင်ချိုဆွေပဲ။ အပြင်မှာလည်း အေသင်ချိုဆွေပဲ။ ဒီအနုပညာလောကထဲစပြီးဝင်တော့လည်း အေသင်ချိုဆွေနာမည်နဲ့ပါပဲ။
အိမ်နာမည်ကတော့ အိမ်မှာအေသင်လို့ပဲခေါ်ပါတယ်။ သူငယ်ချင်းတွေ များသောအားဖြင့် နာမည်ပြောင်တွေဘာတွေတော့ တပ်မခေါ်ဘူးပေါ့နော်။ အေသင်လို့ပဲ အများဆုံး ခေါ်ကြ ပါတယ်။
နောက်တစ်ခုအနေနဲ့ အမရဲ့မွေးနေ့လေးလည်း သိပါရစေရှင်။
မွေးနေ့က ၈ လပိုင်း၊ ၁ ရက်နေ့၊ ၁၉၉၃။
မအေသင်က ရန်ကုန်ဇာတိပဲလား။ မိသားစုမှာရော မောင်နှမဘယ်နှစ်ယောက်ရှိပါသလဲ။
အေသင်က ရန်ကုန်ကပါပဲ။ ရန်ကုန်မှာပဲမွေးတာ။ ရန်ကုန်မှာပဲကြီးတာပေါ့နော်။ မိသားစုမှာဆိုရင်တော့ အဖေရယ်၊အမေရယ်ပေါ့။ နောက်မောင်နှမကတော့ မရှိဘူး အေသင့်မှာ။ မောင်နှမမရှိဘူးဆိုတာက ညီအစ်မပဲရှိတယ်လို့ပြောတာ။ ညီအစ်မချည်းပဲ သုံးယောက်။ အေသင်ကအလတ်။ အေသင့်အထက်မှာ အကြီးတစ်ယောက်ရှိတယ်။ နောက်အငယ် တစ်ယောက်ရှိတယ်။
မအေသင်က အနုပညာလောကထဲကို ဘယ်လိုဝင်ရောက်ဖြစ်ခဲ့တာပါလဲ။
ပြောရမယ်ဆိုရင်တော့ ၈ တန်းဖြေပြီးတုန်းကစပြီးတော့ ဒီအနုပညာလောကထဲကို အရမ်းကြီးလည်းဝင်ခဲ့တာကြီး မဟုတ်ဘူး။ အခွေစပြီး စီစဉ်တာပေါ့နော်။ နောက် Sunflower နဲ့ ဦးနောင်နဲ့စပြီးတော့တွေ့တယ်။ အခွေစီစဉ်ဖြစ်တယ်။ နောက်ပိုင်းကျမှ ကိုသြရသနဲ့တွေ့ပြီးတော့မှ အခွေဆက်ပြီးတော့ စီစဉ်ဖြစ်သွားတာပါ။ ဒီလိုနဲ့ပဲ အနုပညာလောကထဲကို စပြီးဝင်ရောက်ခဲ့တာပါ။
ဟုတ်ကဲ့။ ကိုယ်တိုင်က ၀ါသနာပါလို့လား။ ဒါမှမဟုတ် အနုပညာလောကနဲ့ အဆက်အသွယ်ရှိပြီးတော့လား။ ဒါမှမဟုတ်လို့ရှိရင်လည်း သူ့ဟာသူမထင်မှတ်ဘဲနဲ့ လုပ်ဖြစ်သွားတာလား မသိဘူးနော်။
မထင်မှတ်ဘဲတော့ လုပ်ဖြစ်သွားတာတော့မဟုတ်ဘူး။ အေသင်တကယ်ဒီစိတ်ထဲကကို ၀ါသနာပါလို့ ဒီဂီတကိုလုပ်ဖြစ်တာပါ။
ပေါက်တဲ့အိုးတစ်ကိုယ်တော်အခွေ မထွက်ခင်ကကော ဘယ်မှာသီချင်းတွေဆိုခဲ့ပါသေးလဲ။ နောက်သီချင်းဆိုပြိုင်ပွဲတွေရော ၀င်ခဲ့တာမျိုး ရှိသေးလား။
အဲလိုမျိုးပြိုင်ပွဲဝင်တာမျိုး ဘာမျိုးတော့မရှိပါဘူး။ အေသင်ဒီလိုပဲ အဆိုတော်လုပ်ချင်တယ်ဆိုတော့ အမေကစီးရီးထုတ်ပေးတယ်။ အဲ့မှာ အောင်မြင်ရင်လုပ်၊ မအောင်မြင်ရင် ဆက်မလုပ်ရဘူးဆိုပြီးတော့။ အဲဒီ Chance လေးပေးပြီးတော့ အေသင့်ကိုလုပ်ခိုင်းတာပေါ့နော်။ အေသင်လည်း အတတ်နိုင်ဆုံးကြိုးစားပြီးတော့ လုပ်ခဲ့ပါတယ်။ တစ်ခြားခွေ သီးသန့်ခွေတို့ဘာတို့မှာတော့ ၀င်ဆိုပေးတာတွေဘာတွေ မရှိခဲ့ပါဘူး။
သီချင်းဆိုတာကိုရော ဘယ်အရွယ်ကစပြီး ၀ါသနာပါခဲ့ပါသလဲ။
သီချင်းဆိုတာကို ၀ါသနာပါတာ ငယ်ငယ်ကတည်းက ၀ါသနာပါတာပါ။ သီချင်းနဲ့ဆိုရင် ကိုယ်ကပျော်နေတတ်တဲ့သူပေါ့နော်။ စပြီးတော့ ဇာတိပြလာတာက ၇ တန်းနှစ်လောက်ကနေစပြီးတော့ ဒီသီချင်းတွေရေးဖြစ်တယ်။ သီချင်းကို အရူးအမူးလုပ်ဖြစ်လာတာပေါ့။
အဲဒါဆိုငယ်ငယ်ကတည်းက အဆိုတော်လုပ်ဖို့ ရည်ရွယ်ချက်ရှိခဲ့တာပေါ့နော်။
ဟုတ်ကဲ့။
တေးရေးဆရာတွေထဲမှာရော ဘယ်တေးရေးဆရာရဲ့သီချင်းကို အများဆုံးဆိုဖြစ်ပါသလဲ။
တေးရေးဆရာတွေထဲမှာတော့ ကိုသြရသရဲ့သီချင်းကို အများဆုံးဆိုဖြစ်ပါတယ်။ သူ့သီချင်းတွေက ပေါက်လည်းပေါက်တော့။ နောက်ပြီးတော့ ဦးနောင်ရေးထားတဲ့ မင်းသမီးလေးဆိုရင်လည်း အေသင်ဆိုဖြစ်ပါတယ်။ ဟုတ်။
ကိုယ်ဆိုတဲ့သီချင်းတစ်ပုဒ်ကိုပေါ့နော်။ ကိုယ့်အကြိုက်၊ ပရိသတ်အကြိုက် အဲလိုမျိုးဘယ်လိုများ ရွေးချယ်ပါသလဲ။
အေသင်ကတော့ အေသင့်အကြိုက်ရော၊ ပရိသတ်အကြိုက်ရော။ အေသင့်အကြိုက်နဲ့ ပရိသတ်အကြိုက်နဲ့က နည်းနည်းတူတတ်တယ်အစ်မ။ သိပ်ပြီးတော့ စဉ်းစားစရာတော့မလိုဘူး။ အေသင်ကစိတ်ထဲမှာ ဒီသီချင်းကပရိသတ်ကြိုက်မယ်လို့ပေါ့နော် စိတ်ထဲမှာယုံကြည်ထားလို့ရှိရင် အဲဒီသီချင်းက ပရိသတ်ကြိုက်တဲ့သီချင်းလေးပဲ ဖြစ်ဖြစ်သွားတာပေါ့နော်။ အဲဒါကြောင့်အေသင် အေသင့်အကြိုက်ကိုလည်းယူတယ်။ နောက် ပရိသတ်ပေါ့နော် နားစွဲလွယ်မယ့်သီချင်းလေးတွေ။ ပတ်ဝန်းကျင်က နားထောင်လို့ကောင်းမယ့် သီချင်းလေးတွေ။ အေသင့်အသံနဲ့ လိုက်မယ့်ဟာလေးတွေကို ရွေးပြီးတော့ဆိုပါတယ်။
မအေသင်ကို အခုသင်္ကြန်သီချင်းတွေရော၊ တခြား Live Show တွေ၊ Stage Show တွေမှာပါ အများကြီးတွေ့လာရပြီ။ Show ပွဲ ဘယ်နှခုလောက်ဆိုပြီးပြီလဲဆိုတာ သိပါရစေရှင်။
ရိုးရိုး Live Show မဟုတ်ဘဲနဲ့ အပြင်မှာ Show ဆိုတာတော့ တော်တော်များပါပြီ။ ရန်ကုန်ရော၊ မန္တလေးရော တော်တော်လေးကိုများနေပြီ။ Live Show ရိုက်တာကတော့ အေသင် Live Show ကိုသိပ်မကြိုက်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပရိသတ်ကိုဒီလိုမျိုးကြီး စင်ပေါ်မှာ သီချင်းဆိုနေတဲ့ဟာကြီးပဲ မပေးချင်လို့ပေါ့နော်။ အေသင်ကိုယ်တိုင်က အေသင့်အခွေကျလို့ရှိရင်လည်း Studio ပုံစံမျိုးလေးတွေ ပေါ့နော်။ ရသလေးတွေအမျိုးမျိုးပေးပြီးတော့ ရိုက်ဖြစ်မှာပါ။ ဟုတ်။
နယ် Show တွေရော မကြာခဏထွက်ဖြစ်လားမသိဘူးရှင့်။
ဟုတ်ကဲ့။ ထွက်ဖြစ်ပါတယ်။ တော်တော်များများ နယ်တွေလည်းအများဆုံးသွားရတယ်။ ရန်ကုန်နဲ့မန္တလေးထက်စာရင် နယ်ကိုတော်တော် များများကို သွားဖြစ်ပါတယ်။
ပြည်ပမှာရော သွားရောက်ဖျော်ဖြေဖို့ အစီအစဉ်ရှိပါသေးလား။
နောက်လ ၁၁ လပိုင်းကျလို့ရှိရင် အေသင်ဂျပန်သွားဖို့ရှိပါတယ်။ မလေးရှားရယ် စကာင်္ပူရယ်တော့ အေသင်သွားပြီးပါပြီ။
အခုလိုမျိုး အေသင့်ရဲ့ကြိုးစားအားထုတ်မှုကြောင့်ပေါ့နော် အောင်မြင်တဲ့အဆိုတော်တစ်ယောက် ဖြစ်လာပြီဆိုတော့ လက်ရှိရောက်နေတဲ့ အနေအထားကိုရော ကျေနပ်အားရမှုရှိပါသလား။
အမှန်အတိုင်းပြောရလို့ရှိရင် ဒီဟာကိုယ့်ကိုကိုယ်အောင်မြင်တယ်လို့ မသတ်မှတ်သေး ပါဘူး။ ဒီအနုပညာလမ်းကြောင်းပေါ်ကိုရောက်ပြီးတော့ ပရိသတ် အားပေးမှုကိုရတဲ့ အချိန်လေးပဲရှိပါသေးတယ်။ တကယ် အောင်မြင်တယ်ဆိုတာက အရည်အချင်း တစ်ကယ်ရှိတယ်။ အရည်အချင်းတစ်ကယ်ပြည့်ဝ။ စင်ပေါ်မှာလည်း performance တွေ အမျိုးမျိုးလုပ်ပြနိုင်ပြီးတော့ တစ်ကယ့်ကိုပေါ့နော် experience ပြည့်ဝစွာနဲ့ ပရိသတ်ကိုချုပ်ကိုင်နိုင်တဲ့သူကမှ တစ်ကယ်အောင်မြင် တယ်လို့ခေါ်တာပါ။ အေသင်က အဲ့ဒီအစားထဲမှာတော့ မပါသေးဘူး။ အခုမှဒီလိုမျိုးဟာတွေကို ရနိုင်ဖို့အတွက် ကြိုးစားနေတဲ့သူ တစ်ယောက်ပါ။
နောက်ထပ်ကော ဘာတွေလုပ်ဖြစ်ဖို့ စိတ်ကူးရှိပါသေးသလဲ။
နောက်ထပ်က အခုခွေပေါ့နော်။ အေသင်ရဲ့တစ်ကိုယ်တော်ခွေလေးကို အေသင် ကြိုးစားပမ်းစားနဲ့ အေသင်မအားတဲ့ကြားကနေလုပ်နေပြီပေါ့နော်။ အကောင်းဆုံး ဖြစ်အောင်လည်း အေသင်လုပ်ထားတယ်။ ပရိသတ်အကြိုက်ကော၊ အေသင့်အကြိုက်ကော။ အဲ့လိုသီချင်းလေးတွေလည်းပါတယ်။ နောက်ပြီး featuring တွေကိုလည်း အေသင်အရှေ့ပုံစံနဲ့မတူအောင်လို့ပေါ့နော် မိန်းခလေးလည်းပါတယ်။ ယောကျာ်းလေးလည်းပါတယ်။ အဲလိုမျိုးလေး ခွဲလုပ်ထားပါတယ်။
သရုပ်ဆောင်ဘက်ပိုင်းမှာရော မအေသင်ဘာတွေဆက်လုပ်ဖြစ်ပါသေးသလဲ။ ကြော်ငြာပိုင်းတွေ၊ ဗီဒီယိုပိုင်းတွေပေါ့နော်။
ဗီဒီယိုပိုင်းမှာတော့ အေသင် ၇ ကားလောက် ရိုက်ပြီးသွားပြီ။ DVD သုံးကားပါတယ်ပေါ့နော်။ မဆိုးပါဘူး။ အေသင် ဒီ သရုပ်ဆောင်ဘက်မှာလည်း အေသင့်ကိုတော်တော်များများ ချီးကျူးကြပါတယ်။ လုပ်နိုင်တယ်ပေါ့။ ဒါပေမယ့်အေသင်က ဂီတနဲ့တတ်လာ တာဆိုတော့ ဒုတိယအခွေမထွက်သေးဘူးလား။ ခွေမထွက်သေးဘူးလားဆိုပြီးမေးနေတော့ အဲဒါပရိသတ်ကိုလည်း နည်းနည်း အားနာတယ်။ အဲဒါကြောင့်မို့လို့ အေသင်ဒုတိယခွေကို အာရုံစိုက်ပြီးလုပ်နေတဲ့အတွက်ပေါ့နော် DVD ဘက်ကိုတော့ သိပ်ပြီးတော့ မကြည့်နိုင်ဘူး။ အဲဒီတော့ အေသင်ဒုတိယအခွေထွက်ပြီး စိတ်အေးလက်အေးဆိုတဲ့အချိန်ကျရင်တော့ လုပ်ဖြစ်မှာပါ။ သေသေချာချာ..ဟုတ်။ ကြော်ငြာတွေကတော့ အေသင်ရိုက်ထားတာတော့ရှိတယ်။ ဒါပေမယ့် မထွက်သေးတာပေါ့။
နောက်မအေသင်ရဲ့ အ၀တ်အစား fashion နဲ့ပက်သက်ပြီးတော့ကော ဘယ်သူကတာဝန်ယူပေးပါသလဲ။ ဒါမှမဟုတ် ကိုယ်တိုင်ရော၊ ကိုယ်တိုင်ရွေးချယ်ပြီးတော့ ပြင်ဆင်ပါသလား။
ကိုယ်တိုင်ရွေးချယ်ပြီးတော့လည်း ပြင်ဆင်တယ်။ ပွဲကြီးတွေဆိုလို့ရှိရင်တော့ အေသင် Designer တွေကိုအပ်ပါတယ်။ အေသင့် Designer က ၂ ယောက်ရှိနေပါတယ်။ တစ်ယောက်က မေသက်စံ၊ တစ်ယောက်က မပုံ့ပေါ့နော်။ သူတို့တွေကလည်း အေသင့်ကိုကြိုးစားပြီးတော့ ချုပ်ပေးကြပါတယ်။
အခုလက်ရှိအနုပညာလုပ်ငန်းတွေ ဘာတွေများလုပ်နေပါသလဲ။ အခွေထပ်ထွက်ဖို့ရော ရှိပါသေးသလား။
ဟုတ်.. အခုဒုတိယခွေ လုပ်နေပြီပေါ့နော်။ ဒီနှစ်ကုန် ဒါမှမဟုတ်နောက်နှစ်ဆန်းလောက်ကျရင် ထွက်နိုင်ဖို့အတွက်ကို အေသင် ကြိုးစားနေပါတယ်။ တခြားဟာတော့ အေသင်သီချင်းတွေဆိုမယ်။ Show ပွဲတွေသွားမယ်။ နောက်ပြီးတော့ အတွဲခွေတွေ ထွက်ဖို့လည်း အများကြီးကျန်တယ်လေ။ အဲဒီတော့ အဲဒီအတွဲခွေတွေလည်း ထွက်ဖို့ရှိတာပေါ့။
အခုအစ်မမန္တလေးသွားမယ်လို့ သတင်းကြားတယ်နော်။ သီချင်းဆိုဖို့လား ဒါမှမဟုတ် အလည်အပတ်ပဲလားမသိဘူး။
သီချင်းဆိုဖို့ပါ။ ၂၂ ရက်နေ့ကို အေသင်အဲဒီမှာ သီတင်းကျွတ်ပွဲတော်ပေါ့နော်။ အများကြီးပဲအဆိုတော်တွေလည်း တော်တော်များများပါတယ်။ အဲ့ပွဲမှာ အေသင်သွားဆိုမှာပါ။
ဟုတ်ကဲ့ပါ။ အခုအစ်မရဲ့ အနုပညာပိုင်းလေးစုံသွားပြီဆိုတော့ Personal လေး နည်းနည်းမေးမယ်နော်။ မအေသင်ရဲ့မိသားစုကကော အခု အစ်မလုပ်နေတဲ့အလုပ်တွေအပေါ်မှာ သဘောတူပြီးတော့ထောက်ပံ့ပေးလား။ နောက်အားပေးတာတွေရော ရှိလားမသိဘူး။
ရှိပါတယ်။ အေသင့်မိသားစုတစ်ခုလုံးက အေသင့်ကိုဒီအလုပ်နဲ့ပက်သက်ပြီးတော့ ကန့်ကွက်တာလည်းမရှိဘူး။ ငြိုငြင်တာလည်းမရှိဘူး။ အကုန်လုံးလိုက်ပြီးတော့ ကူညီပေးပါတယ်။ အေသင်လည်း အဲဒါကြောင့်မို့ ဒီလိုမျိုးမိသားစုက ပံ့ပိုးမှုကိုရလို့ပေါ့နော် ဒီစင်ပေါ်ကို ခက်ခဲပေမယ့်လည်း ချောမွေ့စွာရောက်ရှိလာတာပေါ့။
အရောင်တွေထဲမှာကော အစ်မဘယ်အရောင်ကိုအကြိုက်ဆုံးလဲ။
အရောင်တွေတော်တော်များများကို အေသင်ကြိုက်ပါတယ်။ ဒါပေမယ့်အရမ်း Crazy ဖြစ်တဲ့အရောင်က အနီရဲရဲပေါ့။ အဲဒီအနီကို ပိုပြီးတော့ Crazy ဖြစ်ပါတယ်။
အစ်မအကြိုက်ဆုံး အစားအသောက်တစ်ခုခုကိုလည်း ပြောပြပေးပါဦးရှင့်။
အကြိုက်ဆုံးက အေသင်မြန်မာအစားအစာတွေကိုပဲ အေသင်ကြိုက်ပါတယ်။ ဥပမာ.. မုန့်ဟင်းခါးတို့၊ ညှပ်ခေါက်ဆွဲတို့ပေါ့နော်။ အဲလိုမျိုးတွေကို ပိုပြီးကြိုက်တယ်။ အကြိုက်ဆုံးအစားအစာရယ်လို့တော့မရှိဘူး။ အေသင်ဘာပဲဖြစ်ဖြစ်စားပါတယ်။
ချစ်သူတွေဘာတွေရှိနေပြီလားဆိုတာလည်း MYMC ပရိသတ်ကြီးသိအောင် ပြောပြပေးပါနော်။
ချစ်သူကိုထားဖို့နေနေသာသာ အေသင့်မှာအခုလောလောဆယ်တောင်မှပဲ ကိုယ့်နားဖို့အချိန်မနည်းကို မရှိရှိတဲ့အချိန်ထဲကကို အတင်းယူပြီးတော့ နားနားနေရတယ်။ နောက်ပြီးတော့ စင်ပေါ်မှာသီချင်းဆိုကောင်းဖို့အတွက် အိပ်ရေးဝအောင်အိပ်ပေါ့နော်။ အဲဒါတွေ လုပ်နေရတဲ့အတွက် ရည်းစားဖို့လည်း အချိန်မပေးနိုင်ဘူး။ ထားဖို့လည်းဦးနှောက်ထဲမှာ သူတို့အတွက်အချိန်မပေးနိုင်တဲ့အတွက်ကို အေသင်အခုအချိန်မှာ တစ်ယောက်တည်းပဲ၊ မိသားစုနဲ့ပဲ။ နောက်ပြီးတော့ ပရိသတ်ကို ဘယ်လို Performance တွေပေးရမယ်။ ဘယ်လိုတွေလုပ်ပေးရမယ်။ အခွေဆိုလည်း အေသင်စဉ်းစားတာပေါ့နော်။ စလုပ်ကတည်းက သီချင်းတစ်ပုဒ်ကို စလုပ်ပြီဆိုကတည်းက MTV ရိုက်ရင် ဘယ်လို performance တွေပေးရမလဲဆိုတာ အမြဲတမ်းစဉ်းစားနေတဲ့အတွက် အချစ်ရေးကိုအေသင်ခေါင်းထဲကို မထည့်နိုင်ပါဘူး။ မထည့်နိုင်သေးပါဘူး။
တကယ်လို့ပေါ့နော် တစ်နေ့မှာဘ၀လက်တွဲဖော်ကို ရွေးချယ်တော့မယ်ဆိုလို့ရှိရင် ဘယ်လိုချစ်သူမျိုးကိုလိုချင်ပါသလဲ။ အစ်မ စံသတ်မှတ်ထားတာမျိုး ရှိလားမသိဘူး။
အဲလိုမျိုးရယ်လို့တော့ အခုစိတ်ကူးထဲမှာမရှိဘူးပေါ့။ ခုနကပြောသလိုပေါ့နော် ဘယ်လို performance လေးတွေ ပေးရမလဲဆိုတာပဲ ခေါင်းထဲမှာ ရှိနေတော့ အဲလိုမျိုးရယ်လို့တော့ အေသင်သတ်မှတ်ထားတာမျိုးမရှိပါဘူး။ ဒါပေမယ့်စိတ်ကူးထဲမှာဆိုရင်တော့ ဒါအရင်တုန်းက တွေးဖူးတာပါ။ ငယ်ငယ်တုန်းက ကျောင်းနေတုန်းက တွေးခဲ့ဖူးတဲ့ပုံစံကတော့ အေသင်ထက်အသက်ကြီးရမယ်။ အရပ် ရှည်ရမယ်။ အသားဖြူရမယ်။ ချောရမယ်။ အဲ့လိုပေါ့နော်။ အရည်အချင်းနဲ့ပြည့်စုံတဲ့သူဖြစ်ရမယ်ပေါ့။ အဓိကကတော့ ကိုယ်ချင်းစာတတ်ရမယ်။ နားလည်ပေးရမယ်။ အဲလိုမျိုးတော့ အေသင်စဉ်းစားခဲ့ဖူးတယ်။
နောက်ပြီးတော့ အမရဲ့ဘ၀မှာအပျော်ရွှင်ဆုံး အချိန်တစ်ချိန် ရှိရင်လည်း ပြောပြပေးပါနော်။ ဒါမှမဟုတ်ရင်လည်း အမှတ်တရ အဖြစ်အပျက်လေးတစ်ခုပေါ့။ အေသင့်ဘ၀မှာ အပျော်ရွှင်ဆုံးအချိန်တွေက အေသင်ငယ်ငယ် တုန်းကတော့ အများကြီးရှိခဲ့တာပေါ့။ ဒါပေမယ့်အခုနောက်ပိုင်းမှာ အေသင်အပျော်ဆုံးအချိန်တွေက အေသင်စင်ပေါ်တက်သွားတယ်။ မတက်ခင်မှာပရိသတ်က အောက်ကနေပြီးတော့ အေသင် အေသင်ပဲဖြစ်ဖြစ်၊ ချိုကြီးပဲဖြစ်ဖြစ် အဲလိုမျိုးခေါ်ပြီးတော့ အေသင့်ကို တောင့်တတာမျိုးတွေ၊ တောင်းဆိုတာမျိုးတွေ အဲလိုမျိုးတွေက အေသင့်ဘ၀အတွက် အပျော်ဆုံးအချိန်တွေပါပဲ။ အများကြီးပါပဲ။ အခုနောက်ပိုင်း ကြုံတွေ့ရတဲ့ Show ပွဲ တွေမှာပေါ့နော်။ အဲဒါတွေက အေသင့်အတွက် အပျော်ဆုံး အချိန်တွေပါ။ အမှတ်တရ အဖြစ်အပျက်တွေကလည်း အများကြီးပါပဲ။ ဟိုပရိသတ်နဲ့တွေ့တဲ့အခါ ပရိသတ်နဲ့စကားပြောပြီးတော့ အမှတ်တရ ဖြစ်ခဲ့တာတွေ ဘာတွေဆိုတော့ အများကြီးပါပဲ။ ပြောရင်ကုန်မှာမဟုတ်ဘူး။ အဲဒါကြောင့်အများကြီးလို့ပဲ မှတ်ပေးပါ။
အစ်မရဲ့ မွေးနေ့ ဒါမှမဟုတ် အမှတ်တရနေ့ရက်တွေမှာ အလိုချင်ဆုံးလက်ဆောင်ဟာ ဘာများဖြစ်မလဲဆိုတာ ပြောပြပေးလို့ရမလား။
အလိုချင်ဆုံးလက်ဆောင်က ဒီနှစ်ပေါ့နော်။ အေသင် ၁၇ ပြည့်တဲ့နှစ်မှာ အေသင်ယောဂီဝတ်တယ်။ နောက်ပြီးတော့ အေသင် အဲ့လို မရှိဆင်းရဲသားလေးတွေ၊ အာဟာရချို့တဲ့သူတွေပေါ့နော် အဲ့လိုမျိုးတွေကို အေသင် လှူရတာ အရမ်းဝါသနာပါပါတယ်။ အလှူအတန်းဆိုရင် အေသင် အဲ့လိုမျိုးလှူရတာပေါ့နော်.. တကယ်လိုအပ်နေတဲ့ အာဟာရပြတ်နေတဲ့လူတွေ လှူရတာ အေသင့်အတွက် ပိုပြီးတော့.. အေသင် အရမ်းဝါသနာပါတဲ့အလုပ်ပေါ့နော်။ အဲ့တော့ အေသင်အလိုချင်ဆုံးလက်ဆောင်က လူတစ်ယောက်က ကိုယ့်ကိုစေတနာနဲ့ပေးတဲ့ လက်ဆောင်ပေါ့။ စေတနာအစစ်အမှန်နဲ့ပေးတဲ့ လက်ဆောင်ဆိုရင် ဘယ်လိုနည်းနဲ့မှ တန်ဖိုးဖြတ်လို့မရတဲ့အရာပါ။ အဲ့တော့ စေတနာနဲ့ပေးတဲ့ လက်ဆောင်ဆိုလို့ရှိရင် အေသင် အမှတ်တရလည်းသိမ်းထားမယ်။ အလိုချင်ဆုံးလက်ဆောင်ဆိုတာလည်း လူတစ်ယောက်ရဲ့ စေတနာပေါ့နော်။ အေသင် အဲ့လို လှူတာတွေတန်းတာတွေပေါ့နော်.. အဲ့ဒါတွေကလည်း ဘယ်လိုပြောမလဲ.. လက်ဆောင်တစ်ခုလိုပါပဲ။ အေသင်ပြန်ရတဲ့ကုသိုလ်တွေက။ အဲ့လိုမျိုးပေါ့နော် ဟို.. ကိုယ်သွားလှူလိုက်လို့ သူတို့မှာ အာဟာရလေးပြည့်ဝသွားတယ်ဆိုရင် အဲ့ဒါလေးကလည်း အေသင့်အတွက် လက်ဆောင်တစ်ခုလိုပါပဲ။
ဟုတ်.. နောက်ပြီးတော့ အစ်မရဲ့ဝါသနာတချို့နဲ့ အားလပ်ချိန်တွေမှာ ဘာတွေလုပ်ဖြစ်လဲဆိုတာလေး ပြောပြပေးပါနော်။
အခုနောက်ပိုင်းက အားလပ်ချိန်ဆိုလို့ အေသင့်မှာ အိမ်မှာအိပ်တဲ့အချိန်ပဲရှိတယ်။ နောက်.. အားလပ်ချိန်ဆိုတာ ကားပေါ်မှာ အေသင် ခရီးသွားရင်းနဲ့ ကားပေါ်မှာ အိပ်တဲ့အချိန်ပဲရှိတယ်။ ဟို.. များသောအားဖြင့် ဥပမာ ခရီးထွက်ရင်းနဲ့ ဟိုတယ်တို့ဘာတို့မှာ နေလို့ရှိရင် အေသင့် laptop လေးယူသွားတယ်။ အေသင့် iPod ထဲက သီချင်းတွေကို အေသင်နားထောင်တယ်။ အဓိကကတော့ အေသင် အိပ်ရေးပျက်တာများတဲ့အတွက်ကို အိပ်ဖြစ်တာများပါတယ်။ အိပ်ရေးဝမှ စင်ပေါ်ရောက်ရင် အသံကကြည်ပြီးတော့ ကောင်းတာလေ။ အဲ့တော့ အေသင်က အဓိက အသံကိုဦးစားပေးတဲ့အတွက်ကို အေသင်အိပ်ရေးဝအောင်အိပ်တယ်။ ဘယ်လိုပြောမလဲ.. သီချင်းလေးတွေဆိုလည်း ဒီ.. တစ်ကိုယ်တော် အခွေအတွက်ကို ခရီးသွားရင်ပဲဖြစ်ဖြစ် လမ်းမှာအမြဲတမ်း စဉ်းစားပြီးတော့ သွားတတ်ပါတယ်။ ဟုတ်။
နောက်.. မအေသင် အသွားချင်ဆုံးပေါ့နော် စိတ်တိုင်းအကျဆုံး နေရာဒေသ တစ်ခုခုရှိရင်လည်း ပြောပြပေးပါနော်။
အင်း.. အေသင်က အအေးကြိုက်တယ်။ အအေးကြိုက်တော့ အေသင် အရမ်းအေးတဲ့နေရာတွေဆို သွားချင်တယ်။ နောက်ပြီးတော့ စိမ်းစိမ်းလန်းလန်းနဲ့ စိမ်းစိမ်းစိုစိုပေါ့နော် ဘယ်လိုပြောမလဲ.. တိတ်ဆိတ်တဲ့နေရာလေးတွေပေါ့ အဲ့လိုနေရာမျိုးလေးတွေကို အေသင် ကြိုက်ပါတယ်။ အဲ့လိုနေရာမျိုးလေးတွေ အေသင်သွားချင်တယ်။ အဲ.. ဥပမာ တောင်ကြီးလိုနေရာမျိုးတို့၊ မေမြို့လိုနေရာမျိုးတို့ပေါ့နော်။ အဲ့နေရာလေးတွေဆိုရင် အေသင် သွားချင်တဲ့နေရာလေးတွေပါ။
သီချင်းဆိုတဲ့အပိုင်းမှာရော အစ်မရဲ့လက်ဦးဆရာတွေရှိပါသလား။
ရှိပါတယ်။ နောင်နောင် (Sunflower) ဆိုရင် ဦးနောင်ပေါ့နော်.. သမီးရဲ့ လက်ဦးဆရာလို့ ပြောလို့ရပါတယ်။ သူ့ဆီကနေပြီးတော့ သမီးရဲ့ အရည်အချင်းတွေကို သူက ဆွဲထုတ်ပေးခဲ့တာပေါ့နော်။ သီချင်းဆိုလည်း သူကစပြီးတော့.. သူ့ဆီမှာ သီချင်းဆိုရင်းနဲ့မှ အသံကောင်းတယ် ဆိုတာကို အားလုံးက လက်ခံလာတယ်။ ဆိုနိုင်တယ်ဆိုတာ အားလုံးလက်ခံလာတာပေါ့နော်။ အဲ့တော့ ဦးနောင်က သမီးရဲ့လက်ဦးဆရာ ဆိုလည်း မမှားပါဘူး။
ဒီအနုပညာရှင်ပေါ့နော်.. အထူးသဖြင့် အဆိုတော်တွေထဲမှာ အစ်မသဘောကျတဲ့ အားကျတဲ့သူတွေရောရှိလား။ မြန်မာနိုင်ငံမှာရော.. နောက်.. အနောက်နိုင်ငံတွေမှာရောပေါ့နော်။
အားကျတဲ့အဆိုတော်တွေလား။ ရှိပါတယ်။ မြန်မာနိုင်ငံထဲမှာဆိုရင် အေသင် ငယ်ငယ်တည်းက အားကျခဲ့တာ မတင်ဇာမော်ရယ်.. မတင်ဇာမော်ကိုတော့ အရမ်းကို crazy ဖြစ်ပါတယ်။ သူဆိုတဲ့စတိုင်လ်ရော နောက်.. သူ့ရဲ့ ဆိုပုံဆိုဟန်တွေ mood ထည့်ပုံတွေကို အေသင် အရမ်းကိုကြိုက်ပါတယ်။ နောက်.. အခုနောက်ပိုင်းဆိုရင်တော့ အေသင် မဖြူကို ပိုပြီးသဘောကျတယ်။ မဖြူ သူ့ရဲ့ performance တွေ၊ နောက် သူ့ရဲ့အသံတွေ၊ အသံနေအသံထားတွေ ဆွဲတာငင်တာတွေက သူ.. အဆိုတော်တစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းပေါ့။ ဒါ သူတို့.. သူတို့ကမှ တကယ့် အဆိုတော်အရည်အချင်းနဲ့ ပြည့်စုံတဲ့သူတွေပါ။ Performance ရော အသံရော သူ့ရဲ့ ဘယ်လိုပြောမလဲ လှုပ်ရှားမှု.. ပြောတာဆိုတာတွေ၊ စကားပြောတာကအစ ပရိသတ်ကို သူချုပ်ကိုင်နိုင်တယ်။ အဲ့ဒါကိုမှ အောင်မြင်တဲ့အဆိုတော်တစ်ယောက်၊ အရည်အချင်းရှိတဲ့ အဆိုတော်တစ်ယောက်လို့ အေသင်ကတော့ သတ်မှတ်ပါတယ်။ အေသင်ကလည်း အဲ့ဒါတွေအတွက် အများကြီး လိုပါသေးတယ်။ ယောက်ျားလေးထဲမှာဆိုရင် ကိုဇာနည်ကိုကြိုက်တယ်။ သူလည်းအဲ့တိုင်းပဲ။ show ပွဲမှာ ခဏခဏဆုံတယ်။ သူတို့ကို အရမ်းလည်းအားကျတယ်။ သူတို့ဆိုတဲ့အသံတွေက အခွေဖွင့်ပြီး နားထောင်နေရသလိုပဲ သူတို့ရဲ့အသံလေးတွေက။ ဘာမှ ယိုင်သွားတာလဲမရှိဘူး လိုတာလည်းမရှိဘူး ပိုတာလည်းမရှိဘူးပေါ့နော်။ အဲ့တော့ အေသင် ကိုဇာနည်ကိုကြိုက်တယ်၊ မဖြူကိုကြိုက်တယ်။ နောက်ပြီးတော့ မတင်ဇာမော်ကို ကြိုက်တယ်။ ဒီ.. နိုင်ငံခြားပြည်ပထဲမှာဆိုလို့ရှိရင် အေသင် အားကျခဲ့ရတဲ့ အဆိုတော်ပေါ့နော် စပြောရမယ်ဆိုရင် အေသင် Britney Spears ကို အရမ်းအားကျတယ်။ သူ့ကိုကြည့်ပြီးတော့ အေသင်.. အားကျပြီးတော့ ဖြစ်ချင်ခဲ့တာလည်းပါတယ်။ ဒီဂီတကိုလေ။ နောက်ပိုင်းမှာတော့ အေသင်.. Rihanna တို့၊ နောက် Beyonce တို့၊ Shakira တို့ အဲ့လိုမျိုးတွေ ပိုပြီးတော့ သဘောကျတယ်ပေါ့နော်။ ယောက်ျားလေးထဲမှာဆိုရင်တော့ တော်တော်များများကို သဘောကျပါတယ်။ Justin Timberlake တို့ အခုနောက်ပိုင်းမှာထွက်လာတဲ့ အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ Justin Bieber တို့ပေါ့နော်။ သူတို့တွေဆိုလည်း အသက်သာငယ်ပေမယ့် အသံလေးတွေက ကောင်းကြပါတယ်။ အေသင်ကတော့ တကယ် ဂီတဘက်ဆိုရင် အဆိုပိုင်းဆိုရင် တကယ်အဆိုကောင်းတဲ့သူကိုပဲ အေသင် ပိုပြီးသဘောကျပါတယ်။
ွနောက် အစ်မက ဘယ်လိုဂီတအမျိုးအစားမျိုးကို ပိုပြီးတော့ အားသန်လဲ။ ပိုပြီးတော့ နားထောင်ဖြစ်လဲမသိဘူးနော်။
အေသင်က စပြီးတော့ ဒီအခွေကို စထွက်လိုက်ကတည်းက အေသင့်ရဲ့လိုင်းက Pop နဲ့ R&B ပေါ့နော်။ အဲ့နှစ်လိုင်းကို ဦးတည်နေတာဆိုတော့ အေသင် ဟို.. ဘယ်လိုပြောမလဲ အဲ့သီချင်းလေးတွေကိုပဲ အေသင်နားထောင်ဖြစ်တယ်။ နောက်ပြီးတော့ အေသင့်အသံကလည်း Pop အေးအေးလေးတွေနဲ့ လိုက်တယ်လို့ပြောကြတယ်ဆိုတော့ အဲ့လို အေးအေးလေးတွေကို အေသင်ပိုပြီးနားထောင်ဖြစ်တယ်။ အနှစ်ရှိမယ့် သီချင်းလေးတွေပေါ့နော်။ အမြူးဆိုလို့ရှိရင်လည်း ဟို.. တကယ့် ပရိသတ် လိုက်ကလို့ရမယ့်သီချင်းလေးတွေပေါ့။ အဲ့ဒါလေးတွေ ပိုပြီးတော့ ရွေးပြီးနားထောင်ဖြစ်ပါတယ်။
ဘယ်လိုသီချင်းမျိုးကိုဆိုလို့ရှိရင် အစ်မနဲ့ ပိုပြီးတော့ လိုက်ဖက်မယ်လို့ထင်ပါသလဲ။
အရမ်းလည်း sexy မကျဘဲနဲ့ ဒီတိုင်းပေါ့နော် အမြူးဆိုရင်လည်း ကိုယ်နဲ့လိုက်မယ့်သီချင်းပေါ့နော်။ စင်ပေါ်မှာ ခုန်လို့ကလို့ ကောင်းမယ့်သီချင်း၊ ပရိသတ်လည်း လိုက်ဆိုနိုင်မယ့်သီချင်းမျိုးလေးတွေ။ အရမ်းကြီးလည်းမမြူး အရမ်းကြီးလည်း sexy မကျဘဲနဲ့ ကိုယ့်ရဲ့သွားလာမှုပုံစံလေး၊ performance လုပ်တဲ့ပုံစံလေးနဲ့ လိုက်ဖက်ညီမယ့် သီချင်းမျိုးကို အေသင်ဆိုတယ်။ အေသင်နဲ့လည်း ပိုလိုက်တယ်။ နောက် အေးအေးလေးတွေဆိုလည်း ချိုချိုလေးတွေပေါ့နော် အသဲကွဲသီချင်းဆိုလည်း အသဲကွဲသီချင်း၊ မြူးမြူးလေးတွေ ဆိုလည်း မြူးမြူးလေးတွေ အဲ့လို cute ဖြစ်မယ့် ပုံစံမျိုးလေးတွေပေါ့နော် အဲ့လိုပုံစံမျိုးလေးတွေနဲ့ အေသင်နဲ့လိုက်မယ် ထင်ပါတယ်။
နောက်ပြီးတော့ အစ်မစိတ်ကူးထားတဲ့ lifestyle ပေါ့နော်။ အဆိုတော်အနေနဲ့ ဆက်လက်ရပ်တည်သွားမှာလား။ ဒါမှမဟုတ် တခြား အနုပညာလုပ်ငန်းတွေရော ဆက်လုပ်ဖို့ရှိပါသေးသလားရှင့်။
ဟုတ်။ အခု အေသင်ကတော့ အေသင်အဆိုတော်တစ်ယောက်ပေမယ့် သာမန်လူတစ်ယောက်ပဲလို့ အေသင်ကတော့ ကိုယ့်ကိုယ်ကို ခံယူထားတယ်။ အဲ့တော့ အေသင် သွားနေကျလာနေကျ ပုံစံအတိုင်းပဲ အေသင်သွားတယ်။ အရမ်းကြီးလည်း ကိုယ်က အဆိုတော်ဆိုပြီးတော့ မာနတွေကြီးတာတွေ၊ နောက် စတယ်ကြီးနဲ့နေတာတို့ ပဲများပြီးတော့ ပဲပေးတာတို့ဘာတို့ အေသင်မလုပ်တတ်ဘူး။ အေသင်က အေသင် နေတဲ့ထိုင်တဲ့ပုံစံက နည်းနည်းယောက်ျားဆန်တယ်။ အဲ့တော့ အဲ့လိုပုံစံမျိုးပဲ အေသင့်ကို free ဖြစ်စေမယ့်ပုံစံမျိုးနဲ့ပဲ အေသင် နေတယ်။ အေသင်ရဲ့မိသားစုတွေနဲ့အပြင်သွားတယ်ဆိုရင် ပရိသတ်တွေနဲ့တွေ့ရင်လည်း အေသင် အဲ့တိုင်းပဲနေပါတယ်။ နောက်ပြီးတော့ အနုပညာ လုပ်ငန်းတွေ ဆက်ဘာတွေလုပ်ဖို့ရှိလဲဆိုတော့.. ဂီတအပြင်ကို သရုပ်ဆောင်ပေါ့နော်။ သရုပ်ဆောင်အလုပ်ကိုလည်း အေသင်စိတ်ဝင်စားတယ်။ အဲ့ဒီအတွက် အဲ့ဒီဘက်ကိုလည်း အတတ်နိုင်ဆုံး အေသင် ကြိုးစာလုပ်ဆောင်သွားမှာပါ။
ခုတက်လာတဲ့ အဆိုတော်တွေပေါ့နော်။ အထူးသဖြင့် မိန်းကလေးတွေ.. သူတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေ၊ အနုပညာကို တန်ဖိုးထားမှုနဲ့ ဘဝပုံစံတွေကိုလည်း အစ်မမြင်သလိုလေး ပြောပြပေးပါနော်။
ဝတ်စားဆင်ယင်မှုက ပြောစရာမလိုပါဘူး။ တော်တော်ကို အဆင်ပြေကြပါတယ်။ နောက်ပြီးတော့ အခုခေတ် ကောင်မလေးတွေက သိပ်ပြီးတော့ ဝတ်စားဆင်ယင်မှုကို ပြောနေစရာမလိုဘူး။ သူတို့ဖာသာသူတို့ ဝတ်တတ်စားတတ်ကြတယ်လေ။ အဲ့တော့ အေသင်မဝေဖန်တော့ပါဘူး။ တချို့ကျတော့လည်း အေသင်ဆိုလို့ရှိရင် ဒီအနုပညာကို အရမ်းကို တကယ်အောင်မြင်ချင်လွန်းလို့ အေသင် အိပ်မက်တွေ အခါခါမက်ခဲ့ဖူးလို့ အဲ့လိုမျိုး တကယ်မဖြစ်ဖြစ်အောင် ကြိုးစားပြီးတော့ ပညာရေး ဆိုလည်း ပညာရေးကို လုံးဝစွန့်လွှတ်ခဲ့ပြီးတော့ လုပ်ခဲ့တာပေါ့နော်။ အေသင်လည်း အသက်ငယ်သေးတော့ အေသင့်ထက်ကြီးတဲ့အစ်မတွေလည်းရှိမယ်၊ အေသင်နဲ့ ရွယ်တူတွေလည်းရှိမယ်ပေါ့။ အဲ့တော့ အနုပညာကို အေသင်က တန်ဖိုးထားပြီး လုပ်စေချင်တယ်။ ပြီးစလွယ်မလုပ်စေချင်ဘူး။ ဟို.. တကယ် တန်ဖိုးထားပြီးတော့ ကိုယ်လုပ်ပြီဆိုမှတော့ အောင်မြင်သည့်အထိ အဆုံးတိုင်အောင်ပေါ့နော် သေသေ ချာချာ ပရိတ်သတ်ကိုလည်း အရသာရှိရှိနဲ့ ဂီတကဒါပဲဆိုတာကို အေသင်က ပြချင်တယ်။ အဲ့တော့ ကိုယ့်ရှေ့ကလူတွေပေါ့နော်။ ဥပမာ မဖြူတို့ မတင်ဇာမော်တို့ သူတို့ဆိုလို့ရှိရင်လည်း.. သူတို့ရဲ့ အနုပညာ အရည်အချင်းလေးတွေကို အေသင် ကတော့ အတုယူစေ့ချင်တယ်။ ဟို.. တကယ်တော်အောင် တကယ်တတ်အောင် အဆိုကိုယ်ကမပိုင်ဘူးဆိုလည်း သီချင်းကို အမြဲတမ်း လေ့ကျင့်လေ့ကျင့်နဲ့ တကယ်ကောင်းမှ.. နောက် ပရိသတ်နဲ့ တွေ့လို့ရှိရင်လည်း ပေါ့ပေါ့တန်တန် မဖျော်ဖြေဘဲနဲ့ ကိုယ့်ဘက်က တကယ့်ကို စေတနာရှိရှိနဲ့ စေတနာထားပြီးတော့ ဖျော်ဖြေမယ်ဆိုလို့ရှိရင်လည်း ဒါ.. ကိုယ်က စေတနာထားရင် ပရိသတ်ကကိုယ့်ကို ပြန်ပြီးစေတနာထားနိုင်တယ်။ အဲ့ဒီတော့ အေသင်ကတော့ အဲ့လိုမျိုးပေါ့နော် ပြီးစလွယ်မလုပ်စေချင်ဘူး ပြီးပြီးရောဆိုပြီး အခွေ ထွက်လိုက်မယ်ဆိုတဲ့စိတ်မျိုး မထားစေချင်ဘူး။ ငါသည် တကယ်အောင်မြင်အောင်လုပ်ရမယ်။ သီချင်းလေးတွေကို ကိုယ်တိုင်ကအစ လိုက်ပြီးတော့ ရွေးချယ်သင့်ရွေးချယ်ရမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် လုပ်သင့်လုပ်ရမယ်။ အဲ့လိုမျိုးလေးတွေ အေသင်ကတော့ လုပ်စေချင်ပါတယ်။ ဟို.. ထူးထူးခြားခြားကြီးကတော့ သူတို့ဆီမှာ ဆိုးဆိုးဝါးဝါးကြီးတော့မရှိပါဘူး။ အေသင် အဲ့တစ်ခုလေးပဲ ပြောချင်ပါတယ်။
တကယ်လို့ အစ်မသာ နိုင်ငံတကာဂီတပွဲတွေ.. Grammy တို့ဘာတို့ ဆုပေးပွဲတွေ တက်ခွင့်ရမယ်ဆိုလို့ရှိရင် ဘယ်လိုခံစားရမလဲဆိုတာ စိတ်ကူးလေးနဲ့ပြောပြပေးပါနော်။
အတိုင်းမသိ ဝမ်းမြောက်မိမှာပါ အေသင်လည်း.. ဘာလို့လဲဆိုတော့ ငယ်ငယ်တုန်းကအတွေးပေါ့နော်။ ကမ္ဘာကျော်ချင်တဲ့စိတ်ကူးတော့ ရှိခဲ့တာပေါ့။ ဒါပေမယ့် အခုချိန်မှာ ကိုယ့်ရဲ့နိုင်ငံကျော်၊ ကိုယ့်နိုင်ငံက ပရိသတ်လေးတွေနဲ့ပဲ အေသင်ကျေနပ်ပါတယ်။ ကမ္ဘာ မကျော်ရင်နေပါစေ။ အခုလို Grammy ဆုပေးပွဲတို့ဘာတို့မှာ တက်ရောက်ခွင့်ရတယ်ဆိုရင် အတိုင်းမသိ ဝမ်းသာပါတယ်။ အဲ့လို ဆုပေးပွဲမှာ ကိုယ်ကိုယ်တိုင်က ဆုရမယ်ဆိုလို့ရှိရင် ပိုပြီးတော့တောင် ဝမ်းသာမိမှာပေါ့။ ဟုတ်။
MYMC Online Radio နဲ့ ပတ်သက်ပြီးတော့ရော ညီမတို့ရဲ့ Online Radio Station ကို အစ်မ ဘယ်လိုမြင်ပါသလဲ။ နောက်ပြီးတော့ အစ်မရဲ့ အင်တာနက်ပေါ်က အတွေ့အကြုံလေး၊ အမြင်လေးကိုလည်း သိခွင့်ရမလားရှင့်။
အင်း.. ဘယ်လိုပြောရမလဲ..။ ဒီလိုမျိုးပေါ့နော် Online Radio တို့ နောက်ပြီးတော့ FM တို့ပေါ်လာတာ ကောင်းပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိနေတဲ့ ပရိသတ်အကုန်လုံးက သူတို့ချစ်တဲ့ အနုပညာရှင်တွေအကြောင်းကို သိရတယ်။ နောက်ပြီးတော့ အသံလေးတွေကိုလည်း သူတို့ကြားခွင့်ရတယ်ပေါ့နော်။ အဲ့တော့ ပရိသတ်တွေလည်း ဘာပဲပြောပြော ရုပ်မမြင်ရပေမယ့် အသံလေး ကြားရတဲ့အတွက် သူတို့သိချင်တာလေးတွေ သိခွင့်ရတဲ့အတွက် ဘာပဲပြောပြောကျေနပ်မှာပါ။ ဒီလိုမျိုးလေးတွေ အဲ့လို Online Radio Station တို့ဘာတို့ပေါ့နော်။ အဲ့လိုမျိုးလေးတွေပေါ်လာတာ အင်တာနက်ပေါ်ကနေ .. အဲ့လိုလေးတွေကြည့်ခွင့်ရတာ အေသင့်အမြင်မှာတော့ ပရိသတ်တွေ သူတို့သိချင်တာလေးတွေ သိခွင့်ရတဲ့အတွက် ကောင်းတဲ့ရလာဒ်တစ်ခုလို့ အေသင်ကတော့ မြင်ပါတယ်။ ပြီးတော့ အင်တာနက်ပေါ်က အတွေ့အကြုံပြောရမယ်ဆိုရင် အေသင်လည်း အင်တာနက်သိပ်မသုံးဘူး။ မသုံးဘူးဆိုတာလည်း အေသင် နိုင်ငံခြားဆိုလည်း သွားရတယ်ဆိုတော့ ဟို.. ပြည်ပတွေဘာတွေသွားရင်တော့ အေသင်သုံးပါတယ်။ ဟို.. ဘယ်လိုပြောမလဲ အေသင်ကတော့ ဆိုးတဲ့ရလာဒ်ကိုတော့ မလုပ်စေချင်ဘူးပေါ့နော်။ ဒါ.. ဘယ်သူပဲဖြစ်ဖြစ် ကောင်းတဲ့ရလာဒ်လေးတွေပေါ့နော်။ အနုပညာသမားတွေ အတွက်လည်း ကောင်းမယ်၊ ပရိသတ်အတွက်လည်း အကျိုးရှိမယ့်ဟာလေးကိုပဲ အေသင်ကတော့ အင်တာနက်ပေါ်ကနေပြီး ထုတ်ဖော်ပေးစေချင်တယ်။ ကိုယ့်အတွက်လည်းအကျိုးယုတ်မှာ ပရိသတ်အတွက်လည်း အကျိုးယုတ်မယ့်ဟာလေးတွေ အဲ့လိုပုံစံမျိုးလေးတွေ မဖြစ်စေချင်ဘူး။ အေသင်ကတော့ အဲ့ဒါပဲပြောချင်ပါတယ်။
နောက် အစ်မမှာ Gmail တို့ Facebook တို့.. နောက် ကိုယ်ပိုင်website ရှိရင်လည်း ပြောပြပေးပါ။
Gmail ကတော့ အေသင်မသုံးတာ တော်တော်ကြာပြီ။ Facebook ကတော့ မပေးချင်လို့မဟုတ်ပါဘူး ဒါပေမယ့် ဟို.. အေသင်ကိုယ်တိုင် မသုံးဖြစ်ဘူးဆိုတော့လေ တခြား အေသင့်အကိုတို့ဘာတို့ သူတို့ကတော့ အေသင်ဆိုပြီးတော့ ဝင်ပြီးတော့ပြောကြတယ်။ အေသင်ကိုယ်တိုင် မသုံးဖြစ်တော့ ပရိသတ်ကိုလည်း အသိမပေးချင်ဘူး။ နောက် website ကတော့ ထောင်တော့ထောင်ထားတယ်။ အဲ့ဒီအပိုင်းတွေကျတော့ အေသင်လည်း ခေါင်းစားမခံတော့ဘူး။ အေသင် အစ်ကိုတွေကို လုပ်ခိုင်းထားတာပေါ့နော်။ အဲ့တော့ ရှိတော့လည်းရှိမှာပါ။ များသောအားဖြင့် Facebook သုံးဖူးတဲ့သူတွေဘာတွေကတော့ သိရင်လည်းသိမှာပေါ့နော်။ ဟုတ်..။
နောက် အစ်မဆီကို ပရိသတ်ကြီးက ဆက်သွယ်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော် တယ်လီဖုန်း (ဒါမှမဟုတ်) အီးမေးလ်တို့ နောက်ပြီး စာတွေနဲ့ အလွယ်အတူဆက်သွယ်နိုင်ပါသလား။ ဘယ်လိုများ ဆက်သွယ်လို့ရမလဲဆိုတာ ပြောပြပေးပါဦးနော်။
အေသင့်မေးလ်ကိုတော့ အေသင်ပြောပြလိုက်မယ်။ a-t-h-e-n-.-c-h-o@ အဲ့ဒါက အေသင့်မေးလ်ပါ။ နောက်ပြီးတော့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်ကတော့ ဟို.. အေသင်လည်း ရန်ကုန်မှာ သိပ်မနေဖြစ်ဘူးဆိုတော့လေ.. အကယ်၍ နေဖြစ်ခဲ့တယ်ဆိုရင် အေသင် ပြန်ပြောမှာပါ။ အေသင့်အိမ်ဖုန်းလေးပဲ မှတ်ထားပေးပါ။ 5134361 .. ဟုတ်။
ဟုတ်ကဲ့။ အခု ကမ္ဘာအနှံ့အပြားကနေပြီးတော့ နားသောတဆင်နေကြမယ့် MYMC ပရိသတ်တွေအတွက် အစ်မရဲ့ စကားလက်ဆောင်လေး တစ်ခုခုလောက် ပြောပြပေးပါဦးနော်။
အင်း.. အခုဟာက ဒီ.. Online Radio က ဘယ်လိုပြောမလဲ.. မြန်မာနိုင်ငံတင်မဟုတ်ဘူး ကမ္ဘာအနှံ့အပြားက အေသင့်ရဲ့ပရိသတ်တွေကိုပါ အေသင် အဲ့လိုမျိုးပြောခွင့်ရမယ်ဆိုရင် အေသင်.. ကျေလည်းကျေနပ်ပါတယ်။ နောက်ပြီးတော့ ဟို.. အေသင်ပေါ့နော်.. အေသင်ချိုဆွေ ဆိုတာက ပရိသတ်က အားပေးလို့ အေသင် စင်ပေါ်ကို ရောက်လာတာပါ။ ပြီးတော့ ဘုရားကပေးတဲ့ကံရယ် စန်းရယ်ပေါ့နော် အဲ့ဒီနှစ်ခုကြောင့် အဲ့ဒါတွေကြောင့် စင်ပေါ်ရောက်လာတာပါ။ အေသင် Performance အပြည့်နဲ့ ပရိသတ်ကြီးကိုပြချင်တယ်။ နောက်ပြီးတော့ အရသာရှိမယ့် သီချင်းလေးတွေကိုလည်း ပရိသတ်ကို နားဆင်စေချင်တယ်။ အဲ့ဒီအတွက် အေသင် အစွမ်းကုန် ကြိုးစားနေပါတယ်။ အေသင့်ကိုလည်း တစ်ဖက်က ပရိသတ်ကအားပေးပါ။ ရှေ့လျှောက်ပြီးတော့လည်း အေသင် အနုပညာလုပ်ငန်းတွေကိုလည်း ဒီထက်မက ဆထက် ထမ်းပိုးတိုးပွားအောင် အရည်အချင်းတွေလည်းပြည့်ဝအောင်.. အဆိုတော်တစ်ယောက်ရဲ့ အရည်အချင်းနဲ့ပြည့်ဝအောင် ဆက်လက်ပြီးတော့ ကြိုးစားသွားမှာပါ။ အဲ့အတွက် ပရိသတ်ကြီးရဲ့ အားပေးသံတွေ လက်ခုပ်သံတွေ အေသင်လိုပါတယ်။ အေသင့်ကိုအားပေးပါ။ အေသင့် ဒုတိယအခွေ ထွက်လာလို့ရှိရင်လည်း ဝေဖန်ပေးပါဦး။ နောက်ပြီးတော့ ဗွီဒီယိုကားလေးတွေလည်း ရိုက်ထားတယ်။ အဲ့ကားလေးတွေ ထွက်လို့ရှိရင်လည်း အေသင့်ရဲ့သရုပ်ဆောင်မှုလေးတွေကို ဝေဖန်ပေးပါဦးလို့။ ဟုတ်။
ဟုတ်ကဲ့။ အခုလိုမျိုး ညီမမေးတဲ့မေးခွန်းတွေကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့အစ်မကို ညီမတို့ MYMC က အရမ်းပဲ ကျေးဇူးတင်ပါတယ်ရှင်။
ဟုတ်ကဲ့။ အေသင်ကလည်း အခုလို ကမ္ဘာအနှံ့အပြားမှာရှိတဲ့ ပရိသတ်တွေနဲ့.. ဟို.. ပရိသတ်တွေက အေသင့်ရဲ့အသံကို ကြားခွင့်ရပြီးတော့ ဒီလိုမျိုး ဖြေခွင့်ရတယ်၊ သူတို့သိချင်တာလေးတွေ ဖြေခွင့်ရတဲ့အတွက် ဒီ.. MYMC Online Radio ကိုလည်း အေသင်က ကျေးဇူးအများကြီးတင်ပါတယ်။
ဟုတ်ကဲ့။ နောက်လည်း ဒီထက်မက အောင်မြင်မှုတွေရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ဟုတ်ကဲ့ပါ။ အေသင်လည်း ဒီထက်မက အောင်မြင်မှုတွေရအောင် ကြိုးစားနေပါတယ်။
MYMC Interview Team
Interviewer | Grace (MYMC MOB)
Write Up/Questions | Craton, ^AnGeL^, Spectrum
Write Up/Questions | Craton, ^AnGeL^, Spectrum
Special Thanks | Nandar Khin (MYMC MOB)
Management | ^AnGeL^
အင်တာဗျူးကိုအသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့...
| < Prev | Next > |
|---|


