
MYMC ရဲ့ Founder တစ်ယောက်လည်း ဖြစ်တယ်၊ Site ကိုနောက်ကနေ ဟိုကလိဒီပြင် လုပ်တတ်တဲ့ psycraft (aka) psycho_killer ကိုယ်တိုင် ရေးထားတဲ့ Article အတိုလေးတစ်ခု ကိုလုပ်ပြီး တင်ပေးလိုက်ပါတယ်။ အနည်းငယ် တစ်ချို့ဖတ်ရ အဆင်မပြေတဲ့ နေရာတွေကလွဲလို့ psycraft ရေးထားတဲ့အတိုင်း တည့်တည့်ကြီး ကွင်းကွင်းကွက်ကွက် တင်ပေးလိုက်ပါတယ်။ အောက်မှာ ရှုစားကြပါ။
(MYMC Admin)
ကျွန်တော်နဲ့ ကြီးပေါင်းဖြစ်တဲ့ သူငယ်ချင်းကောင်မလေးက သူမ ငယ်ငယ်တုန်းက အကြောင်းတွေကို ကျွန်တော့်ကိုပြောပြလေ့ရှိသည်။ သူမရဲ့ အဖေကော၊ အမေကပါ ဆရာဝန်တွေချည်း။ ငယ်ငယ်ကတည်းက အတန်းမှာဆိုရင် သူမအမြဲ အဆင့်၁ ရလေ့ရှိသည်။ သူမ မိသားစုက ချမ်းသာတယ်
ဆိုတော့ ငွေရေးကြေးရေးအတွက် သူမ ဘယ်တော့မှ ပူပင်ကြောင့်ကြမရှိခဲ့။ မိသားစုဝင် တွေကလည်း ပျော်ပျော်ရွှင်ရွှင်နေတတ်ကြ သည်။ သူမငယ်ငယ်က သူမအဖေ၊ အမေနဲ့ညနေ နေ၀င်ချိန်တိုင်း လမ်းလျှောက်ထွက် ရတာကို သူမအလွန် သဘောကျကြောင်း ကျွန်တော့်ကို ပြောပြလေ့ရှိသည်။ ပြဿနာတွေကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတတ်သော သူမရဲ့အဖေကို သူမရော၊ သူမအမေကပါ အလွန်ချစ် ကြကြောင်း သူမပြောပြလို့ ကျွန်တော်သိခဲ့ရသည်။ အိမ်မက်ဆိုး တွေနဲ့သူမ ညဖက်လန့်နိုးတဲ့အခါ သူမအမေက သူမကိုပွေ့ပြီး ၀န်းရံတာမှာကြယ်ကြည့် ရင်းပုံပြင်ပေါင်းစုံ ပြောပြကြောင်းကိုလည်း အမြဲကြားရသည်။အခု ဆိုရင် သူမအမေရိကားက တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေပါသည်။ အစစ အရာရာ အဆင်ပြေလို့ သူမရဲ့ အနာဂါတ်ကလည်း ဖြောင့်ဖြူးနေပါသည်။
ကျွန်တော့် နောက်သူငယ်ချင်းတစ်ယောက်ကတော့ နယ်မှာကြီးပြင်းခဲ့သည်။ သူ့မိဘတွေကျတော့ ကျောင်းမပြီးခင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသည်။ ဒါပေမယ့် မိသားစုက စီးပွားရေးအဆင်ပြေသည်။ ခက်သည်က မိဘနှစ်ပါးလုံးက စီးပွားရေးကိစ္စနှင့် လုံးပန်းနေရ သည့်အတွက် မိဘနှင့် သားသမီး ရင်းနှီးခွင့်က အလွန်နည်းပါးခဲ့သည်။ တဖက်မှာလည်း သူ့မိဘတွေက သူလိုချင်တာကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးခဲ့သည်။ သူ့အတွက်
အကောင်းဆုံး ဂိုက်ဆရာ၊ ဆရာမတွေ ငှားပေးခဲ့သည်။ သူအတန်းမှာ အဆင့်ကျသွားရင် သူ့အမေက အမြဲဆူသည်။ သူ့အမေက သူအတန်းထဲမှာ ရတဲ့ အဆင့်ကို သူမဂုဏ်နှင့် တိုင်းတာခဲ့သည်။ သူ့အမေက သူအ ဆင့်ကောင်းရင် မြို့ပတ်ကြွားသည်။ အမေက နောက်ကအမြဲ ဖိအားပေး နေတာကြောင့် သူ အဆင့်ကောင်းကောင်း ရနေပေမယ့် လွတ်လွတ်လပ်လပ် မပျော်နိုင်ခဲ့။ ပညာမဲ့ခဲ့တဲ့ သူ့အမေက "ပညာတတ်" ဆိုတဲ့ဂုဏ်ကို သူအတန်းထဲမှာရတဲ့ အဆင့်နဲ့ တိုက်ရိုက် တိုင်းတာခဲ့သည်။ ဒါ့အပြင် သူ့မှာအနီး ကပ်ဆုံး အဖေ၊ အမေနဲ့တောင် မရင်းနှီးခဲ့တဲ့အတွက် သူငယ် ချင်းများနဲ့ ခင်ခင်မင်မင် ပေါင်းသင်းဖို့ သူ့အတွက် အခက် အခဲ တစ်ခုလို ဖြစ်လာခဲ့သည်။ မိသားစုရဲ့ ဖိအားပေးမှုကြောင့် သူအခု အမေရိကားက တက္ကသိုလ်တစ်ခုမှာ ပညာသင် ကြားနေသည်။ ဒါပေမယ့် အခုတိုင် လူအများနှင့် ရင်းရင်းနှီးနှီးပေါင်းသင်း ဆက်ဆံရန် ခက်ခဲဆဲဖြစ်သည်။ သူ အမြဲလိုလို အထီးကျန်ပြီး မပျော်မရွှင် ဖြစ်နေတတ်သည်။ အမေရိကားရောက်လို့ အမြင်တွေ ပိုကျယ်လာခဲ့ပေမယ့် မြန်မာပြည်က သူ့မိဘစကားကို မလွတ်မလပ် နားထောင်နေရမြဲဖြစ်သည်။ သူ့ဘ၀ဟာ သူ့လိုရာမဟုတ်တော့ဘဲ မိဘရဲ့ ထိန်းကျောင်းခြင်း ခံနေခဲ့ရသည်။
ကျွန်တော်ရန်ကုန်မှာ နေတုန်းက ဘေးကပ်ရက်တိုက်ခန်းက ကလေးနှစ်ယောက်ကို သတိထားမိခဲ့သည်။ နှစ်ယောက်စလုံးက မိန်းကလေး ဖြစ်ပြီး တစ်ယောက်က ၅နှစ်နဲ့ တစ်ယောက်က ၈နှစ်ဖြစ်သည်။ သူတို့ အမေက
အမြဲလိုလို ဒေါသထွက်ပြီး သူတို့ကို အော်ငေါက်နေသည်။ ကြားရတာ စိတ်မချမ်းသာစရာပါ။ ကျွန်တော် ကလေးတွေကို သနားမိသည်။ ကလေးတွေကို ကြည့်လိုက်ရင် အမြဲအားငယ် နေတတ်သည်။ ပထမတော့ စီးပွားရေး အဆင်မပြေ သောကြောင့်ဟု ထင်မိသော်လည်း သူတို့ကြည့်ရတာ ချမ်းသာပုံရသည်။ နောက်မှ ကျွန်တော်သိရတာက သူတို့အဖေက မိန်းမရှုပ် တတ်တာကြောင့် သူတို့အမေစိတ်က အကာအကွယ်မဲ့ခဲ့သည်။ သူတို့အမေခမျာ ကလေးနှစ်ယောက် ရပြီးနေ ပြီဆိုတော့ ဘယ်ဆက်သွား ရမလဲမသိ။ အဲ့လိုအကြောင်း အရာတွေကြောင့် သူတို့အမေ အမြဲစိတ်ရှုပ် နေတတ်သည်။ သူမ မကျေနပ်တဲ့ ကိစ္စမှန်သမျှ အပြစ်မဲ့ ကလေးတွေ အပေါ်ပုံချပြီး အော်ငေါက် နေတတ်သည်။ အဖေဖြစ်သူ ကလည်း မိသားစုကို နည်းနည်းလေး မှဂရုမစိုက်။ မိဘ ဂရုဏာကင်းတဲ့ ကလေးတွေ ကျောင်းမှာလည်း အဆင်မပြေ၊ စာမေးပွဲ ကျကြသည်။ သူတို့အမေကလည်း သူမ ကိစ္စကလွဲ၍ ကလေးပညာရေး ကိုဂရုမစိုက်နိုင်။ ကလေးတွေ စာမေးပွဲကျ ပြန်တော့လည်းထပ်ဆူဆဲ ပြန်သည်။ ဒီကလေး နှစ်ယောက်နဲ့ယှဉ်ရင် ကျွန်တော့်သူငယ်ချင်း တွေကသာသေးသည်။ အားငယ်မှုတွေနဲ့ ဒီကလေးနှစ်ယောက် ဘယ်လိုကြီးပြင်း လာမလဲဆိုတာကို ကျွန်တော်စိုးရိမ်မိသည်။
အထက်မှာပြောသွားတဲ့ မိသားစု ၃ခုစလုံး စီးပွားရေး အဆင်ပြေကြသည်။ ကျွန်တော်သိတဲ့ မိသားစုတွေကလည်း စီးပွားရေး အဆင်ပြေကြပါတယ်။ ဒါပေမယ့် မိသားစုရေး အဆင်ပြေမှုက ရှာရပင်ခက်သည်။ အခုခေတ်မှာလည်း အိမ်မကပ်တဲ့သူ၊ မိဘစကား
နားမထောင်တဲ့သူ၊ စကားနားထောင်ပြီး အမြဲမလွတ်မလပ်နေရသူ၊ တစ်သက်လုံး စာကြိုးစား လိမ္မာလာပြီး ရုတ်တရက် မိန်းမခိုးပြေးတဲ့သူ စသဖြင့် မြန်မာပြည် မိသားစုရေးက ဗလဗွ။ မြန်မာနိုင်ငံမှာရှိတဲ့ လူအများစုမှာ စီးပွားရေး အဆင်မပြေကြ။ ၉၅ရာခိုင်နှုန်း လောက်က ထမင်းတစ်နှပ်အတွက် ကြိုးစားရုန်းကန် နေရသည်။ ကျန်တဲ့ ၅ရာခိုင်နှုန်းက တိုက်နှင့်ကားနှင့် အစွမ်းကုန် ချမ်းသာနေကြသည်။ ပစ္စည်းဥစ္စာ ချမ်းသာမှုက ဟိုဖက်စွန်းနှင့် ဒီဖက်စွန်း။ စီးပွားရေး အဆင်ပြေပေမယ့် တော်တော်များများက မိသားစုရေး အဆင်မပြေကြ။ စီးပွား ရေးရော၊ မိသားစုရေးပါ အဆင်မပြေတဲ့ မိသားစုဆိုရင်တော့ မတွေးဝံ့စရာပင်။ ဒီလို အဆင်မပြေတဲ့ မိသားစုကနေ ခေတ်မှီဖွံဖြိုး တိုးတက်အောင် လုပ်နိုင်မယ့် နိုင်ငံ့ပညာ တတ်တွေကို ဘယ်လိုမွေးထုတ် နိုင်မှာလဲ။ မြန်မာမိဘတွေ အားလုံးနီးပါးက အမြင်တွေ ကျယ်လာဖို့ နေနေသာသာ ပညာတတ်ခြင်းကို ကျောင်းကရတဲ့ အဆင့်နဲ့ တိုင်းတာနေ ကြတာပဲ။ ဒါကလည်း ချမ်းသာတဲ့ ၅ရာခိုင်နှုန်း မိဘတွေက အဆင့်အတွက် စိုးရိမ်နေကြတာပါ။ ကျန်တဲ့ ၉၅ ရာခိုင်နှုန်းလောက်က အနပ်မှန် စားသောက်ရဖို့ စိုးရိမ်နေရတုန်း။ ဒါတွေကို တွေးကြည့်ရင် မြန်မာနိုင်ငံရဲ့ အနာဂါတ်က စိတ်မချမ်းသာစရာ။ ကျွန်တော်ကိုယ်တိုင် ကလည်း ဒီပြဿနာကို အမြှစ်ကနေ ဖြေရှင်းနိုင်စွမ်း မရှိတာကို ရှက်မိတဲ့အတွက် ဒီအတွေးတွေကို ခဏရပ်ပစ် လိုက်သည်။

အပြင်မှာ မိုးတွေရွာနေသည်။ လူတစ်ရပ်စာလောက်ရှိတဲ့ မှန်ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်ပြီး ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ဘောလုံးကန် ခဲ့တဲ့အကြောင်းကို စဉ်းစားနေမိသည်။ အမေရိကန်မိုးက ငယ်ငယ်ကလို မိုးရေချိုးဖို့ နေနေသာသာ အိမ်ပြင် ထွက်ရင်တောင် အနွေးထည်
ဝတ်ရသည်။ သွပ်ခေါင်မိုးပေါ် မိုးရေကျ သံလည်းမကြားရ။ ကျွန်တော် ကော်ဖီတစ်ခွက်နဲ့ အသံမဲ့မိုးကို ထိုင်ကြည့်ရင်း မြန်မာမိသားစုအကြောင်း စဉ်းစားနေမိသည်။ ကျွန်တော့်မိသားစု အပါအ၀င်ပေါ့။ ကျွန်တော့်အမေက ကျွန်တော်ငယ်ငယ်တုန်းက ကာတွန်း စာအုပ်တွေ အမြဲဝယ်ပေးသည်။ ဒီလိုနဲ့ ကြီးလာတော့ ကာတွန်းစာအုပ်အစား ဆောင်းပါးတွေ ပြောင်းဖတ်ရင်း ကျွန်တော်စာတွေ ဖတ်လာခဲ့သည်။ စာတွေဖတ် ဖြစ်လာတာနဲ့အမျှ အခုတိုင် တစ်ခုခုဆိုရင် ဘာကြောင့်လဲ၊ ဘာလို့ဒီလို ဖြစ်တာလဲဆိုတဲ့ မေးခွန်းတွေကို ပိုနားလည်ချင်မိသည်။ စာတွေဖတ်ရင်း ကျွန်တော် ပိုအမြင်ကျယ် လာခဲ့သည် ထင်မိသည်။ ကျွန်တော် ကိုယ့်ဘ၀ကို အမွှန်းတင် နေခြင်းမဟုတ်ပါ။ ကလေးဘ၀ ကြီးပြင်းလာတဲ့ အခြေအနေက အဲ့ဒီ့လူရဲ့ ဘ၀တစ်ခုလုံးအတွက် ဘယ်လို အရေးကြီးကြောင်း ဥပမာပေး ချင်ရုံသက်သက်ပါ။ သောက်လက်စ ကော်ဖီကို အကုန်မော့လိုက်ပြီး ၁၀တန်းအောင်ကတည်း (၂၀၀၅) လှည့်မကြည့် ဖြစ်တော့တဲ့ မြန်မာစာကို မနည်းပြန်မှတ်မိအောင် ကြိုးစားရင်း ဒီစာကို ကောက်ရေးမိပါသည်။

ကျွန်တော်တို့မိဘတွေဟာ ကျွန်တော်တို့ကို ပုံသွင်းတဲ့သူတွေပါ။ ထိုနည်းတုပဲ အဖိုးနဲ့ အဖွားတွေက ကျွန်တော့်မိဘတွေရဲ့ ပုံသွင်းသူတွေပါ။ အဖိုး၊ အဖွားတွေက ကျွန်တော်တို့ မိဘတွေကို လွဲမှားပုံသွင်းလိုက်ရင် ကျွန်တော့်မိဘတွေက ကျွန်တော်တို့ကို ပုံသွင်းတဲ့အခါလည်း လွဲမှားနေမှာပဲ။ ကျွန်တော်တို့ကပါ အမှန်ကို မမြင်ဘဲ လိုက်ပုံသွင်း ခဲ့မယ်ဆိုရင် ကျွန်တော်တို့ သားသမီး တွေကလည်း မှားယွင်းတဲ့ အတွေးအခေါ်တွေကို ပုံသွင်းခံ ရမှာဖြစ်ပါတယ်။ ကလေးတွေ လိမ္မာပြီးစာတော်လာတာ မိဘကြောင့်ပါ။ ဆိုးသွမ်းပြီး ပုံကန်တဲ့ကလေး ဖြစ်လာတာလည်း မိဘကြောင့်ပါ။ ကလေးက ငယ်ငယ်တုန်းက လိမ္မာပြီး ကြီးမှဆိုးသွား ရတာလည်း မိဘတွေကြောင့်ပါ။ ကလေးတစ်ယောက်ရဲ့ အပြုအမူ အကုန်လုံးနီးပါးက မိဘနဲ့သက်ဆိုင်ပါတယ်။ ကလေးတွေ ဆိုးလာကို မိဘတွေ ကိုယ်နဲ့မဆိုင်သလို ကလေးတွေကိုဖိပြီး မဆူမဆဲကြပါနဲ့။ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာတဲ့ ကလေးတွေသာ နိုင်ငံအတွက် အသုံးဝင်တဲ့ပညာတတ် (အသုံးမ၀င်တဲ့ ပညာတတ်တွေလည်း အများကြီးတွေ့ဖူးပါတယ်) တွေအဖြစ် ကြီးပြင်းလာပြီး မြန်မာတစ်နိုင်ငံ လုံးကို ပြန်လည်ပုံသွင်း နိုင်မှာဖြစ်ပါသည်။ စားဝတ်နေရေး ခက်ခဲတဲ့ မိသားစုတွေအတွက် ကလေးတွေ ပျော်အောင်ထားနိုင်ဖို့ ခက်ခဲတာကို နားလည်ပါသည်။ ဒါပေမယ့် ချမ်းသာတဲ့ မိသားစု အားလုံးကတော့ သားသမီးနဲ့ အဆင်ပြေသင့်ပါသည်။
အမှား (၁) - မိဘတွေကပိုပြီး အသက်ကြီးတာကြောင့် သားသမီးတွေအတွက် ဘာကောင်းလဲ ဆိုတာပိုသိတယ်လို့ ယူဆကြပါသည်။ လုံးဝမှားပါသည်။ အခုလိုပြောရင် တစ်ချို့မိဘတွေက လက်မခံချင်။ ကျွန်တော့်အမြင်မှာတော့ မိဘတွေကလည်း ကိုယ်နေတဲ့ နိုင်ငံအတိုင်း အာဏာရှင်စနစ်
ကိုကျင့်သုံးရတာ ၀ါသနာပါကြပါသည်။ မိဘအားလုံး နီးပါးပါပဲ။ သားသမီး ပြောတာကိုတော့ နားမ၀င်ဘဲ သူတို့ပြောတာ မလုပ်ရင် မှားတယ်ချည်းပဲ စွပ်ချက်တင် ကြပါသည်။ အဲ့လိုနဲ့ သားသမီးက ထပုန်ကန်တော့ သားသမီးကို အပြစ်တင်သည်။ တကယ်တော့ သားသမီးရဲ့ အပြုအမူတွေ အားလုံးက မိဘက ကိုယ့်သားသမီးကို ဘယ်လိုသေချာ ကိုင်တွယ်တယ် ဆိုတဲ့ပေါ်မှာ မူတည်ပါသည်။ ငယ်ငယ်ကတည်းက တစ်ခွန်းမှ ပြန်မပြောနိုင်အောင် တံမြက်စည်းနဲ့ရိုက်၊ အော်ငေါက် ဆဲပြီး မွေးထားတာဟာ သေချာကိုင်တွယ် ခြင်းမဟုတ်ပါ။ (အဲ့ဒါမျိုးကို ကျွန်မွေးတယ်လို့ ခေါ်ပါတယ်)။ မိဘနဲ့ သားသမီး နှစ်ဖက်စလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်မယ့် ရာလဒ်တစ်ခု ရောက်တဲ့အထိ ဆွေးနွေးနိုင်ခြင်းကိုမှ သေချာကိုင်တွယ်တယ်လို့ ဆိုလို ပါသည်။ ကျွန်တော် မိဘတွေ ကိုပုံပြီး အပြစ်ပြောဆို နေခြင်းမဟုတ်ရပါ။ သားသမီး ရဲ့ပြဿနာကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းရင်း ကိုယ့်မိသားစု ပိုမိုသာ ယာလာအောင် ကျင်ကြံဖို့သာ တိုက်တွန်းလိုခြင်း သာဖြစ်ပါသည်။
အမှား (၂) - မိဘတွေ တော်တော်များများက သူတို့သားသမီးကို ဘယ်လိုအုပ်ထိန်း ရမလဲဆိုတာကို ပတ်ဝန်းကျင်က တခြားမိသားစုတွေကို ကြည့်ပြီး အတုယူလေ့ရှိပါသည်။ ဒါဟာ မလုပ်သင့်တဲ့ အရာပါ။ အားလုံးဟာ သူလိုကိုယ်လိုပဲ ဖြစ်တဲ့အတွက
် ဘေးလူတွေကို မမေးပါနဲ့။ ကိုယ့်မိသားစု အကြောင်းကို ကိုယ်သာအသိဆုံးပါ။ ကိုယ့်မိသားစု ဘာတွေလိုအပ် နေလဲဆိုတာကို ကိုယ်တိုင်ရှာဖွေ ဆုံးဖြတ်ပါ။ ရေရှည်အတွက် မိသားစု ပြဿနာတွေကို အချိန်ပေး ဖြည့်ရှင်းနိုင်ဖို့ အရေးကြီးပါသည်။ ပြဿနာကင်းတဲ့ မိသားစုတွေ များလာမှသာ နိုင်ငံတစ်ခုလုံး တိုးတက်နိုင်မှာပါ။ ခေါင်းဆောင်တစ်ယောက်တည်း ဘယ်လောက်ပဲကောင်းကောင်း ဆိုးသွမ်းတဲ့ သားသမီးတွေ၊ အမြဲအားငယ် နေတဲ့ သားသမီးတွေ၊ မိဘလမ်းပြ ပေးမှ လုပ်တတ်တဲ့ သားသမီးတွေနဲ့ ရှေ့လျှောက် ဘယ်လိုမှ ခရီးပေါက်မှ မဟုတ်ပါဘူး။ အခုပြင်ပါ။ မိဘနဲ့ သားသမီး တိုင်ပင်ဆွေးနွေးပါ။ ပြဿနာကို အတူတူဖြေရှင်းပါ။ လူကြီးဆိုတိုင်း မမှန်တာကြောင့် ပြဿနာပေါ်တိုင်း သားသမီး အပေါ်ပုံမချကြပါနဲ့။ မိဘတွေက အသက်ပိုကြီးလို့ အတွေ့အကြုံ ပိုများတယ် ဆိုပေမယ့် မိဘတွေကြီးပြင်း လာတဲ့ခေတ်နဲ့ သားသမီးတွေ ကြီးပြင်းနေတဲ့ ခေတ်ကမတူပါဘူး။ သားသမီးတွေကို နားလည်နိုင်ဖို့ ကြိုးစားပါ။
မကြိုးစားဘူးဆိုရင် ဘာဖြစ်မလဲ? သားသမီးက လုပ်ချင်ရာလုပ်မယ်။ မိဘကိုပုန်ကန်မယ်။ အဲ့တော့ မိဘတွေပဲ စိတ်ဆင်းရဲရမှာ။ သားသမီးကလည်း ပုန်ကန်ပေမယ့် မိဘနဲ့ အဆင်မပြေတော့ ပျော်သင့်သလောက် မပျော်နိုင်။ အတ္တမကြီးပါနဲ့။
ဆွေးနွေးတိုင်ပင်ပါ။ ကျွန်တော်ထပ်ခါထပ်ခါ ပြောချင်တာ မိဘဆိုတိုင်း ပိုပြီးမမှန်ပါဘူး။ သားသမီးကို နားထောင်ပါ။ သားသမီး မှားတယ်ထင်ရင် အေးအေးဆေးဆေး အကျိုးနဲ့ အကြောင်းကို နားလည်အောင် ရှင်းပြပါ။ သားသမီးရဲ့ တုန့်ပြန်မှုကို လည်းလက်ခံပါ။ တဖက်သက် အာဏာရှင်မဆန်ပါနဲ့။ အာဏာရှင်ဆန်ဆန် လုပ်ချင်သလို လုပ်လို့ရပါတယ်။ ဒါပေမယ့် မိဘနဲ့ သားသမီး အဆင်ပြေဖို့ နည်းလမ်းက ဒါမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် မပျော်မရွှင်ဖြစ်ရတာမျိုးကို ဘာလို့လုပ်ကြမှာလဲ။

ချိုသာပြီး သကြားဖြူးထားတဲ့ စကားလုံးတွေနဲ့ သွယ်ဝိုက်ပြီး ပြောနေတာထက် အမှန်ကို သွေးရဲရဲနဲ့ အစိမ်းလိုက် ကျွေးချင်ပါတယ်။ စကားလုံးတွေကြမ်းနေခဲ့ရင် မတောင်းပန်ပါဘူး။ ဒီတိုင်းပဲစားပါခင်ဗျာ။ အမှန်ဆိုတာမချိုပါဘူး။ ဒါပေမယ့် အမှန်ကိုမြင်နိုင်ရင် လူတစ်ဦးတစ်ယောက်အတိုင်း အတာမှာပဲဖြစ်ဖြစ် မိသားစုတစ်ခုခု အတိုင်းအတာ မှာပဲဖြစ်ဖြစ် နိုင်ငံတစ်ခုလုံး အတိုင်းအတာ မှာပဲဖြစ်ဖြစ် တိုးတက် နိုင်ပါသည်။ အမှန်စားနိုင်ပါစေခင်ဗျာ။
-Written by psycraft | Edited by Nunki | Photo Credits to DeviantArt & Google
မှတ်ချက် from MYMC: ကျွန်တော်တို့ မြန်မာလူမျိုးတွေလောက် အလိမ္မာ စာမှာရှိဆိုတဲ့ အတိုင်းမိဘကို ဘယ်လိုနားထောင် ဘယ်လိုဖြစ်မယ်၊ ဘယ်လိုစိတ်ချမ်းသာအောင် ထားတတ်ရမယ်၊ ဆိုတာတွေ နေရာတိုင်းမှာ ဒီဆုံးမစာတွေ ရှာဖတ်လို့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်ကနေ မိဘဆိုတာ ခေတ်အလိုက် နေရာတိုင်းမှာ မမှန်နိုင်သလို၊ မိဘနဲ့သားသမီးကြား ဆက်ဆံရေးက တစ်ဖက်သတ် ပြောရာလုပ်ဆိုတာ မျိုးမဟုတ်ရလေအောင် psycraft ကသူ့အမြင်နဲ့ ချပြသွားတာပါ။ အောက်မှာ လွတ်လပ်စွာ ဒါကိုဝေဖန် ပြောပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့သေချာ ဘာတွေပြောထားလဲ ဘာကိုပြောနေတာလဲ ဆိုတာဆုံးတဲ့အထိ ဖတ်ပြီးနားလည် တစ်ကယ်သဘော ပေါက်တယ်ဆို ၀င်ပြီးကိုယ့်ရှုထောင့်ကို ပြောလို့ရပါတယ်။ ကိုယ်မကြိုက်တာလေး တစ်ခုမြင်တာနဲ့ သေချာမစဉ်းစာပဲ ဒါမှဒါဆိုတာက ကျွန်တော်တို့ မြင်တွေ့နေကြမို့ သတိပေးချင်တာပါ။ ဘာပဲဖြစ်ဖြစ် စာဖတ်သူရဲ့ ကောင်းမကောင်း ပြောတာလေး စာတစ်ကြောင်းက စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ ကျွန်တော်ပြောတောတွေနဲ့ ခံစားမိလို့ Share ချင်တယ်ဆိုရင် စာမျက်နှာအပေါ်ဆုံးက Button လေးတွေသုံးပြီး Share နိုင်ပါတယ်။
(MYMC Admin)
| Next > |
|---|


