User Rating: / 0
PoorBest 

နေခြည်

E-mail Print PDF
နေခြည် - စိတ်ကူးယဉ်ကမ္ဘာထဲ နေခြည် - Download


MYMCSTAR ရဲ့သုံးယောက်မြောက် ကတော့ နေခြည်ပါ။ နေခြည်သီချင်းတွေ Mainstream ကနားထောင်ရ သလောက်တော့ Country ဖြစ်ဖို့များပါတယ်။ ကျွန်တော်တို့ဆီမှာ Country ကဒီလောက် Popular ဖြစ်တဲ့ဂီတ တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ဇော်ပိုင်တို့ ဆိုထားတဲ့ တစ်ချို့သီချင်းတွေက သဘောတွေ့ စရာလေးပါ။ ဘာပဲဖြစ်ဖြစ် Country အဆိုတော်အသစ်တွေ များများပေါ်စေချင်ပြီး Country ကိုလည်းအတိုင်းအတာ တစ်ခုထိတော့ တိုးတက်စေချင်ပါတယ်။ အခုနေခြည်က မျက်နှာသစ်ထဲက တစ်ယောက်ပေါ့။ လွန်ခဲ့တဲ့ October ကမှထွက်လာတဲ့ သူ့ Album တစ်ခုလုံးပါး နားထောင် Download နီုင်အောင် တင်ပေးလိုက်ပါတယ်။ နေခြည်နဲ့ စကားပြောဖြစ်လို့ သူအကြောင်းနည်းနည်းရယ် အနုပညာအကြောင်းရယ် နည်းနည်းတီးခေါက် မေးမြန်းပြီး အောက်မှာတင်ပေး ထားပါတယ်။ နေခြည်မှာလည်း Official Facebook Fan Page ရှိတဲ့အတွက် တစ်ခါထည်း ထဲ့ပေးလိုက်ပါတယ်။

 

 

နေခြည်အကြောင်းကို ပရိတ်သတ်သိအောင် မိတ်ဆက်ပေးပါဦး။ အနုပညာလောကထဲ ဘယ်ကဘယ်လို စရောက်လာတာလဲ။

နေခြည့် ဖေဖေက စန္ဒယားပညာရှင်ဆိုတော့ အနုပညာဗီဇက ငယ်ငယ်ကတည်းက ပါလာခဲ့ပါတယ်။ ဖေဖေက အတီးပညာရှင်ဖြစ်ပေမယ့် နေခြည်က အဆိုဘက်ကိုပိုပြီး ၀ါသနာပါခဲ့တယ်။ ငယ်ငယ်လေးထဲက ဖေဖေနဲ့ အတူသီချင်းတွေ လိုက်ဆိုဖူးတယ်။ ငယ်ငယ်ထဲက အနုပညာ လောကထဲကို ၀င်ရောက်ခဲ့တယ်လို့ ဆိုရမှာပေါ့။


နေခြည်က ဘာသီချင်းအမျိုးအစား တွေဆိုတာလဲ။

နေခြည်အခွေထဲက သီချင်းအမျိုးအစားတွေကတော့ Country များတယ်။ pop နဲ့ slow rock ပုံစံလေးတွေပါ။


တစ်ကိုယ်တော် အခွေအတွက် နေခြည်ပြင်ဆင် ခဲ့ရတာလေး။

ဒီတစ်ကိုယ်တော်အခွေအတွက် နေခြည် အချိန်အများကြီးပေးဆပ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်လောက်ကတည်းက ပြင်ဆင်ထားခဲ့တာ။ အခုမှ ထွက်ရှိနိုင်ခဲ့ပါတယ်။ IC တီးဝိုင်းနဲ့ တီးခတ်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် နေခြည်စောင့်ခဲ့ရတာပါ။ ကိုယ့်ရှေ့မှာ senior တွေရှိနေလို့ ဒီလောက်ထိ ကြန့်ကြာသွားခဲ့တာပါ။ နောက်ပြီး ဒီအခွေလုပ်နေရင်းနဲ့ နေခြည်ပြည်ပကို ၄နှစ်လောက် ထွက်သွားတာလည်း ပါတာပေါ့နော်။


အခွေထဲက သီချင်းတွေအကြောင်းလဲ ပြောပြပါဦး။

ဒီအခွေထဲက သီချင်းတွေအားလုံးကတော့ Copy တွေပါပဲ။ နေခြည်ကြိုက်တဲ့၊ ပရိသတ်တွေကြိုက်နှစ်သက်မယ့် သီချင်းသံစဉ်လေးတွေကို တေးရေးဆရာ မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ အငဲနဲ့ မောင်မောင်လတ်တို့က ရေးဖွဲ့ပေးထားတာပါ။ သီချင်းတွေကတော့ အချစ်သီချင်း အေးအေးလေးတွေပါပဲ။


အခုလက်တလော အနုပညာခြေလှမ်း တိုတိုထွာထွာ တစ်စွန်းတစ်စ လေးလည်းသိချင်ပါတယ်။

အခုတလောကတော့ ဒီသင်္ကြန်မှာ ဘရိတ်ကီသင်္ကြန်ဆိုတဲ့အခွေမှာ နေခြည်သီချင်းတပုဒ် ပါဝင်သီဆိုဖို့ ရှိပါတယ်။ ပြီးတော့ သင်္ကြန်ပြီးရင် နေခြည်အခွေရဲ့ VCD နဲ့ DVD ထွက်ဖို့ပြင်ဆင် နေပါတယ်။ ရိုက်ကူးမှု အပိုင်းကတော့ အားလုံးပြီးသွားပါပြီ။


အနုပညာနဲ့ ပတ်သက်လာရင် နေခြည်ရဲ့ခံယူချက်နဲ့ သဘောထား။

အနုပညာကို နေခြည်အသက်လောက် ရူးသွပ်မြတ်နိုးသွားမှာပါ။ ငွေရေး၊ ကြေးရေးနဲ့ အောင်မြင်မှုကို အဓိကမထားဘဲနဲ့ အနုပညာရဲ့ တန်ဖိုးကို အဓိကထားပြီးတော့ တကယ့်အနှစ်သာရရှိတဲ့ သီချင်းလေးတွေကို ခံစားဖန်တီးသွားမယ်လို့ ခံယူထားပါတယ်။


ရှေ့အတွက်ကော သီချင်းဆိုတာနဲ့ ပတ်သက်ပြီး ကြံစည်ထားတာ၊ ဒါမှမဟုတ်လှမ်းမယ့် လှေခါးထစ်တွေက...

ရှေ့ဆက်ပြီးတော့ ဒီအခွေရဲ့ VCD ထွက်ပြီးတာနဲ့ နောက်ထပ်အခွေ ထွက်ရှိဖို့နဲ့ အတွဲအခွေတွေမှာ ပါဝင်သီဆိုသွားမှာပါ။ ဒီအခွေလေးမှတဆင့် တလှမ်းချင်းတက်လှမ်းသွားမယ်။ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။


နေခြည်ကို အစကတည်းကသိတဲ့ ပရိတ်သတ်၊ အခုမှသိလာမယ့် ပရိသတ်တွေအတွက် စကားလက်ဆောင်

နေခြည်ကို အားပေးနေတဲ့ ပရိတ်သတ်အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ အသစ်ဖြစ်တဲ့အတွက် အားလုံးကတော့ စိတ်တိုင်းကျ ဖြစ်မှာမဟုတ်သေးပါဘူး။ ဒါပေမယ့် နေခြည် လက်မလျော့တမ်းကြိုးစားနိုင်ဖို့ ပရိသတ်ရဲ့အားက တကယ်လိုအပ်ပါတယ်။ နေခြည်ကို ဆက်သွယ်ချင်ရင်တော့ Facebook က page ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။ ပရိသတ်များရဲ့ ဝေဖန်ချက်များကို အလေးထားပြီး အမြဲကြိုးစားလျက်။

 

 

 

နေခြည်နဲ့ တိုက်ရိုက်ဆက်သွယ်ချင်ရင် အပေါ်က Facebook မှာ Like လုပ်ပြီးသူ့ရဲ့ Fan Page ကနေတဆင့် ဆက်သွယ်နိုင် ပါတယ်။ နေခြည်အတွက် အားပေးစကား Comment လေးတွေ ကြိုက်သည်၊ မကြိုက်သည် တစ်ခုခုတော့ ချန်ပေးခဲ့နော် အောက်မှာ။